လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဖေဖော်ဝါရီလ (၁၄) ရက်နေ့၊ နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ ဆုံဆည်းမြိုင်ကျေးရွာသို့ ကွင်းဆင်း၍ ဝန်ကြီးဌာနမှ (၂၀၀) သိန်းကျပ်ထောက်ပံ့မှုဖြင့် D.K.B.A ငြိမ်းချမ်းရေးဌာနချုပ်တွင် မူလတန်းကြိုကျောင်းဆောက်လုပ်ရန် ပန္နက်ရိုက်အခမ်းအနားသို့ တက်ရောက်ပါသည်။ အစီအစဉ်အရ သတ်မှတ်ထားသောနေရာတွင် ပြည်ထောင်စုဝန်ကြီး၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးချစ်လှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်နှင့် D.K.B.A ငြိမ်းချမ်းရေးဌာန၊ ဗိုလ်ချုပ်ကြီး စောလားနွယ်တို့က ပန္နက်ရိုက်ပေးပြီး အမွှေးနံ့သာရည် ပက်ဖျန်းပေးပါသည်။ ဆက်လက်၍ သွပ်အချပ် (၁၅၀) နှင့် သွပ်ရိုက်သံများ၊ မိသားစုသုံးပစ္စည်းများ၊ အဝတ်အထည်များနှင့် တိုင်းရင်းဆေးဝါးများကို ထောက်ပံ့ပေးပါသည်။
၄င်းနောက် မြဝတီမြို့၊ လူကုန်ကူးခံရသူများ ယာယီစောင့်ရှောက်ရေးဂေဟာသို့ ရောက်ရှိ၍ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားပါသည်။ ထို့နောက် မြဝတီခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးနှင့် ခရိုင်ကယ်ဆယ်ရေးသိုလှောင်ရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်းကို နံသာရည်ပက်ဖျန်းပြီး တာဝန်ရှိသူများနှင့် မီးဘေးအပါအဝင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးစီမံချက်လုပ်ငန်းများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။