မီးဘေးသင့် နှင့်ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေများ ပေးအပ်ပွဲအခမ်းအနားကို ဖေဖေါ်ဝါရီလ(၉)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်လွင်က မိတ်ဆက်စကားပြောကြားပြီး Kookmin Bank and Korea Disaster Relief Association မှတာဝန်ရှိသူများက ချင်းပြည်နယ်ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ(၄၀၀၀၀)၊ နမ့်ဆန်မြို့ မီးဘေးသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ(၁၅၀၀၀)နှင့် လပွတ္တာမြို့ မီးဘေးသင့်ပြည်သူများအတွက် အမေရိကန် ဒေါ်လာ(၁၅၀၀၀) စုစုပေါင်းအမေရိကန်ဒေါ်လာ(၇၀၀၀၀) ကို ပေးအပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် က လက်ခံ၍ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။
ဆက်လက်၍ သတ္ထုတွင်းဝန်ကြီးဌာန ဝန်ထမ်းများနှင့် မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များ အသင်းမှ နမ့်ဆန်မြို့ မီးဘေးသင့်ပြည်သူများအတွက်(၅၀)သိန်းကျပ်၊ လပွတ္တာမြို့ မီးဘေးသင့်ပြည်သူများအတွက်(၁၀၀)သိန်းကျပ် စုစုပေါင်း(၁၅၀)သိန်းကျပ်ကို သတ္ထုတွင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးသန်းထွန်းအောင်နှင့် တာဝန်ရှိသူများက ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်မှ လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပါသည်။
ထို့နောက် နမ့်ဆန်မြို့နှင့် လပွတ္တာမြို့ မီးဘေးသင့်ပြည်သူများအတွက် ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဦးစီးမှူး(ပထမ)မိသားစုများမှ (၂၁၀၀၀၀)ကျပ်၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ (၃၅)သိန်းကျပ်နှင့် စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်းဝန်ထမ်းများမှ (၇၃၄၅၀၀)ကျပ်နှင့် အဝတ်အထည်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့မှ ဥက္ကဌ၊ အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများမှ(၅၀)သိန်းကျပ်၊ ဦးဖုန်းမြင့်၊ ဒေါ်အေမီသန်း၊ ဦးဝဏ္ဏစိုး၊ ဒေါ်ယုမွန်ဘုန်း မိသားစုမှ(၁၄၀၀၀၀)ကျပ်တို့ကို လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။