နေပြည်တော်၊ ဇူလိုင် ၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် သည် နေပြည်တော်၊ ဇမ္ဗူသီရိဟိုတယ်၌ ကျင်းပသည့် မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများ မိတ်ဆက်ခြင်းအခမ်းအနားသို့ ယနေ့မွန်းလွဲပိုင်းတွင် တက်ရောက်အမှာစကားပြောကြားသည်။
ယနေ့အခမ်းအနားသည် (၂.၃) သန်းကျော်သော မသန်စွမ်းပြည်သူများအပြင် အများပြည်သူများ မျှော်လင့်လျက်ရှိသည့် မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများ မိတ်ဆက်ခြင်းအခမ်း အနား ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအား သင်တန်းကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြုဟူ၍ ရှေးယခင်အချိန်က တည်းက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း ၂၀၁၁ ခုနှစ်၊ဒီဇင်ဘာ ၇ ရက်နေ့တွင် မြန်မာ နိုင်ငံအနေဖြင့် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို အဖွဲ့ဝင်နိုင်ငံ အဖြစ် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်းတွင် မသန်စွမ်းသူများ၏ ပြန်လည်ထူထောင်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအားလူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရန် ပိုမို ကြိုးစားဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများ မြန်မာနိုင်ငံရှိမသန်စွမ်းပြည်သူများကြိုးပမ်းမှုနှင့် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဌာန်းနိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဆက်လက်၍ ထုတ်ပြန်နိုင်ခဲ့ပါကြောင်း။ ၎င်း ဥပဒေ၊ နည်းဥပဒေများကိုအကောင်အထည်ဖော် ဆောင်ရွက်မည့် မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ အမျိုးသားကော်မတီကိုလည်း ဖွဲ့စည်းပေးနိုင်ခဲ့ပြီးဖြစ်ပါ၍ ယခုအခါ ဥပဒေအား အပြည့်အ၀ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေများအား အဓိကအကောင်အထည်ဖော်ဆောင်ရွက်မည့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ၊ လုပ်ငန်းကော်မတီတို့ကိုဖွဲ့စည်းနိုင်ခဲ့ပြီး ဖြစ်၍မသန်စွမ်းသူများ အနေနှင့် လူသားတိုင်း ခံစားခွင့်ရှိသည့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များအားလုံးကို တိုးတက်ရရှိလာနိုင်မည်ဖြစ် ကြောင်း၊ များမကြာသောအချိန်ကာလတစ်ခုခုတွင် လူ့အခွင့်အရေးစံချိန်စံညွှန်းများကို အများနှင့် တန်းတူ အပြည့်အ၀ခံစားရရှိနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ The Leprosy Mission Myanmar (TLMI) မှ Country Director ဖြစ်သူဒေါက်တာဇော်မိုးအောင်က အခမ်းအနားကျင်းပခြင်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်း တင်ပြပြီး ဒုတိယဝန်ကြီးက မသန်စွမ်းသူများ အခွင့်အရေးနည်းဥပဒေ (၂၀၁၇) ခုနှစ် စာအုပ်အား ပေးအပ်ခြင်းနှင့် ဌာနဆိုင်ရာ၊ အသင်းအဖွဲ့များမှ တက်ရောက်လာသူ ကိုယ်စားလှယ်များမှ အထွေထွေဆွေးနွေးခြင်းတို့အား ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်၊ အတွင်းရေးမှူး၊ ဦးမြတ်သူဝင်း ကကျေးဇူးတင်စကားပြောကြားကာ မှတ်တမ်းတင် ဓာတ်ပုံရိုက် ကူးခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ဌာနဆိုင်ရာအသီးသီးနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#hl2
#npw_jul2018