
၅-၇-၂၀၁၈၊ အူလန်ဘာတာ
ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးဆိုင်ရာ အာရှဒေသဝန်ကြီးများအဆင့် ညီလာခံကို မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘာတာ မြို့တွင် တတိယမြောက်နေ့ ဆက်လက်ကျင်းပလျက်ရှိရာ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ အဆင့်မြင့်အရာရှိကြီးများဆွေးနွေးပွဲကို အိမ်ရှင်မွန်ဂိုလီးယား နိုင်ငံအစိုးရ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတက်ရောက် ဆွေးနွေးပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု၏ ထင်ရှားသော ပြယုဂ်များ ဖြစ်သည့် (၂၀၁၅)ခုနှစ် ရေဘေး တုံ့ပြန်ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံ ကုန်သည်ကြီးအသင်း၊ ပုဂ္ဂလိကလေကြောင်း ကုမ္ပဏီများအသင်း၊ ပုဂ္ဂလိကဆက်သွယ်ရေး ကုမ္ပဏီများနှင့် လူမှုရေး အသင်းအဖွဲ့များ၏ တက်ကြွစွာပူးပေါင်း ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ပုဂ္ဂလိကကွန်ယက်ထူထောင်၍ အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများ အတွက်သာမက ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းများတွင်ပါ ပူးပေါင်းဆောင်ရွက်နေမှု၊ အာရှဒေသ တွင်းနိုင်ငံအချို့တို့နှင့်အတူ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် မိတ်ဖက်ဆောင်ရွက်မှုစီမံကိန်းအား အစိုးရ-ပုဂ္ဂလိက-အရပ်ဘက်လူမှုရေးအဖွဲ့ အစည်းများနှင့် သုံးပွင့်ဆိုင်ပူးပေါင်း ဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်နေမှု၊ မြန်မာနိုင်ငံအနေဖြင့် ဘေးအန္တရာယ်ကျရောက်ပြီးချိန်များတွင် ရန်ပုံငွေလိုအပ်ချက်များကို အချိန်မီဖြည့်တင်းပေးနိုင်ရန် ဘေးမဖြစ်မီကြိုတင်စီမံဆောင်ရွက်မှုအနေဖြင့် အာဆီယံ ဒေသတွင်းဘေးအန္တရာယ်ဆိုင်ရာ အာမခံ ထားရှိဆောင်ရွက်မှု၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများ၏ ကျွမ်းကျင်မှုများ၊ အရင်းအမြစ်များနှင့် မိတ်ဖက်ပူးပေါင်းမှုများကို ထိထိရောက်ရောက် စီမံခန့်ခွဲရာတွင် ပြည်ထောင်စုစီမံကိန်း (UEHRD)၏ တိုးတက်အောင်မြင်မှုများ၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ အနေဖြင့် နှစ်စဉ်ကြုံတွေ့နေရသည့် ရေဘေးအတွက် ဆက်လက်၍ ရေရှည်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည့်အတွက် နိုင်ငံတကာနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများမှ ပူးပေါင်း ဆောင်ရွက်ပေးရန်လည်း ဖိတ်ခေါ်ခဲ့ပါသည်။
အဆင့်မြင့်အရာရှိကြီးများဆွေးနွေးပွဲသို့ မွန်ဂိုလီးယားနိုင်ငံ၊ လွှတ်တော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဝန်ကြီးချုပ်ရုံး၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အာရှဒေသဖွံ့ဖြိုးရေးဘဏ်၊ ပုဂ္ဂလိကအာမခံ ကုမ္ပဏီများမှ အဆင့်မြင့်အရာရှိကြီးများနှင့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မွန်ဂိုလီး ယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်၊ H.E. Mr. U. Enkhtuvshin နှင့် သီးခြားတွေ့ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အရှည်တည်တံ့ရေး၊ မွန်ဂိုလီးယားနိုင်ငံသည် မိတ်ဖက်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည့် အတွက် မြန်မာ-မွန်ဂိုလီးယား People to People Relationship ကိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းရပ်များအတွက်သာမက အခြားသောနယ်ပယ်ရပ်များတွင်ပါ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား တွေ့ဆုံ ဆွေးနွေးပွဲများကို အခါအားလျော်စွာ ဆောင်ရွက်ရေး၊ မွန်ဂိုလီးယားနိုင်ငံသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်သည့်အတွက် အဆိုပါ ကဏ္ဍ တွင်လည်း မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်မာ-မွန်ဂိုလီးယား Exchange အစီအစဉ်များ ဆောင်ရွက်ပေးနိုင်ရေးနှင့် လက်ရှိပူးပေါင်း ဆောင်ရွက်မှုများကို ရှေ့ဆက်ပိုမိုတိုးမြှင့် ဆောင်ရွက်ရေးတို့အတွက် အပြန်အလှန်ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1_otr
#jul2018
Source: MSWRR