၄.၇.၂၀၁၈ အူလန်ဘာတာမြို့
မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘာတာမြို့တွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့မှ (၆) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော“(၈) ကြိမ်မြောက် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ ဝန်ကြီးအဆင့်ညီလာခံ”သို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးှက ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျှော့ချရေးအတွက် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်များတွင် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်မှုအခြေအနေ၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများကို ဆန်းစစ်လေ့လာနိုင်ရန် တာဝန်ရှိသူများနှင့် ပြည်သူလူထုမှ သိရှိနိုင်စေရန် ဆောင်ရွက်နေမှုများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းကျောင်းများအပြင် အသိပညာပေးလုပ်ငန်းများအတွက်ပါ တိုးမြှင့်ဆောင်ရွက်နေမှုများ၊ ဘေး အန္တရာယ်အရေးပေါ်တုံ့ပြန်ရေးအတွက် လူအင်အား၊ ထောက်ပံ့ပစ္စည်းအင်အားများကိုပါ အသင့်ဖြစ်စေ ရေးကြိုတင်ပြင်ဆင်ရုံမျှမက ဘေးဒဏ်ခံနိုင်ရည်ရှိသည့် ပြန်လည်ထူထောင်ရေးကိုပါ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများ၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက်ရေးဆွဲ၍ အကောင် အထည်ဖော်ဆောင်ရွက်ထားမှုနှင့် ဘေးဒဏ်ခံနိုင်ရည်ရှိသည့် အခြေခံအဆောက်အဦများ တိုးမြှင့် ဆောက်လုပ်နိုင်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှု၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများတွင် မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် လိုအပ်မှုတို့ကိုအလေးထား၍ ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ဂျပန်နိုင်ငံတွင်အခြေစိုက်သည့် အာရှဒေသဘေးအန္တရာယ် လျော့ပါးရေးဌာန (ADRC) မှ အမှုဆောင်ညွှန်ကြားရေးမှူး၊ Mr. Koji Suzuki နှင့် (၃-၇-၂၀၁၈) ရက်နေ့တွင် လည်းကောင်း၊United Nations Office for Outer Space Affairs (UNOOSA) မှ အကြီးတန်းအရာရှိ၊ Dr. ShirishRavan၊ Food and Agriculture Organization မှဒေသတွင်းကိုယ်စားလှယ်၊ Ms. KundhaviKadiresanတို့နှင့်(၄-၇-၂၀၁၈)ရက်နေ့တွင်လည်းကောင်း သီးခြားစီတွေ့ဆုံ၍ မြန်မာနိုင်ငံဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နည်းပညာနှင့် စွမ်းဆောင်ရည်မြှင့်အစီ အစဉ်များပံ့ပိုးပေးနိုင်ရေး၊ ဘေးအန္တရာယ်ကျရောက်ချိန်များတွင် Disaster Charter မှတစ်ဆင့် ဂြိုဟ်တု ပုံရိပ်များရယူအသုံးချနိုင်ရေး၊ အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများတွင် အာကာသနည်းပညာများ အသုံးချနိုင်ရေး၊ အိန္ဒိယနှင့်တရုတ်နိုင်ငံများတွင် GIS နှင့် Remote Sensingသင်တန်းများအတွက် ပညာသင်ဆုပေးအပ်ရေး၊ ဘေးအန္တရာယ်မျိုးစုံဆန်းစစ်လေ့လာမှုအတွက် မြေပုံများရေးဆွဲနည်းသင်တန်းကို (၂၀၁၉) ခုနှစ်၊ ဇန်နဝါရီလ၌ နေပြည်တော်တွင်ဖွင့်လှစ်နိုင်ရေး၊ အိန္ဒိယနိုင်ငံ၏နည်းပညာအကူအညီဖြင့် ကိုယ်ပိုင်ဂြိုဟ်တုငယ်လွှင့်တင် ဆောင်ရွက်နိုင်ရေး၊ FAOနှင့်ပူးပေါင်း၍ စားနပ်ရိက္ခာမလုံလောက်မှုကြုံတွေ့ရသည့်ဒေသများတွင် ကူညီပံ့ပိုးမှု များဆောင်ရွက်ရေး၊ ရာသီဥတုပြောင်းလဲမှုကိုခံနိုင်ရည်ရှိသည့် စိုက်ပျိုးရေးနည်းပညာများ ပံ့ပိုးပေးရေးနှင့် မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးလုပ်ငန်းစီမံချက် အကောင်အထည်ဖော် ရာတွင် ပံ့ပိုးကူညီရေးတို့ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။
ညီလာခံတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ၂၀၁၅ ခုနှစ်အတွင်း အတည်ပြုခဲ့သည့်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင်ကို အကောင်အထည်ဖော်တိုးတက်မှုများနှင့် ကြုံတွေ့ရသည့်စိန်ခေါ်မှုများကို နိုင်ငံများအကြားမျှဝေနိုင်ရန်၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးအတွက် နိုင်ငံအသီးသီးမှကြိုးပမ်းဆောင်ရွက်မှုများကိုတိုးမြှင့်လုပ်ဆောင်ရေးအတွက် နိုင်ငံရေး ဆိုင်ရာ ကတိကဝတ်ပြုခြင်းများပါဝင်သည့် အူလန်ဘာတာကြေညာစာတမ်းကိုထုတ်ပြန်ရန်၊ ဆန်ဒိုင်းမူဘောင် ပါ ဦးစားပေးလုပ်ငန်းများမှ(၂၀၁၈-၂၀၂၀)ခုနှစ်အတွင်းဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအတွက် အာရှဒေသတွင်းစီမံချက်ကိုအတည်ပြုနိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။
(၄) ရက်ကြာကျင်းပပြုလုပ်သည့် အဆိုပါညီလာခံသို့ နိုင်ငံပေါင်း (၅၀) ကျော်မှ နိုင်ငံတော် အဆင့် အကြီးအကဲများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများ၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများမှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကမီဒီယာများ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များအပါအဝင် စုစုပေါင်းကိုယ်စားလှယ် (၂၅၀၀) ကျော် ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါ သည်။
#hl1