အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ပြည်ထောင်စု ဝန်ကြီးများလိုက်ပါလျက် လပွတ္တာမြို့သို့ ဖေဖေါ်ဝါရီ(၅)ရက်နေ့ ညနေ (၄) နာရီခန့် အချိန်က ရောက်ရှိလာရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် ခရိုင်၊မြို့နယ်အဆင့်တာဝန်ရှိသူများက ကြိုဆိုကြသည်။
ဆက်လက်၍လမ်းဦးစီးဌာန ဧည့်ရိပ်သာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းက မီးလောင်မှုဖြစ်စဉ် အခြေအနေများကို ရှင်းလင်းတင်ပြပြီး အမှတ်(၅)ရပ်ကွက်၊ အမှတ်(၄) ရပ်ကွက် ၊ အမှတ်(၁) ရပ်ကွက် မီးဘေးသင့် နေရာများသို့ လှည့်လည်ကြည့်ရှုခဲ့သည်။
ထို့နောက် ယာယီ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသော လေးထပ်ပရိယတ္တိ စာသင်တိုက်သို့ ရောက်ရှိကာ မီးဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ နှစ်သိမ့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်က မီးဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားသည်။ ထို့နောက်အလှူငွေပေးအပ်ပွဲကို ကျင်းပရာ AHA Center မှ ပေးပို့လှူဒါန်းသော Family Kit (၁၉၅) ပုံးအား အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းကလည်းကောင်း ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ကျပ်ငွေ (၄၃) သိန်းကျော်တန်ဘိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ကျပ်ငွေ (၁၅)သိန်း ကိုးသောင်းကျော် တန်ဘိုးရှိ (၇) ရက်စာဆန်ရိက္ခာနှင့် ကျပ်သိန်း (၅၇၀) တန်ဘိုးရှိ အိမ်ဆောက်ပစ္စည်းတန်ဘိုး ထောက်ပံ့ငွေကိုလည်းကောင်း ၊ တပ်မတော်ကြီးရေလေမိသားစုက လှူဒါန်းသော ဘေထုပ်(၁၀)ထုပ်၊ ဒန်အိုး(၄၅၀)စုံ ၊ ခေါက်ဆွဲခြောက်(၅၁၀)ဖါ ၊ Family Kit (၇၅)ပုံးတို့ကို လည်းကောင်း ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင်က တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းငွေ ကျပ်သိန်း(၁၈၉၀)ကိုလည်းကောင်း ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇောက Family Kit နှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ စီးပွါးကူးသန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့်မိသားစုက စားဆီပိသာ(၁၀၀)ကိုလည်းကောင်း ၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ငွေက ရေသန့် ၊ခေါက်ဆွဲခြောက် ၊မုန့်မျိုးစုံနှင့် အသုံးဆောင်ပစ္စည်းများ ၊ ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာ့ဖေါင်ဒေးရှင်းက ငွေကျပ်သိန်း(၁၀၀၀)နှင့် ဆန်၊စားသောက်ဖွယ်ရာများ စုစုပေါင်းကျပ်သိန်း(၁၅၀၀)ကို လည်းကောင်း၊ ဧရာဝတီဖေါင်ဒေးရှင်း မှ တစ်အိမ်ထောင်လျှင် ကျပ်(၂)သိန်းနှုန်းဖြင့် ကျပ်သိန်း(၅၃၀) ၊ စောင်(၇၆၁)ထည်နှင့်အခြားတန်ဖိုးစုစုပေါင်း ကျပ်သိန်း(၅၀၈)သိန်းကျော်ကိုလည်းကောင်း ၊ပညာရေးဝန်ကြီးဌာနမှ မီးဘေးသင့် ဆရာမ(၆)ဦးနျင့် ကျောင်းသား/သူ (၁၇၀)ဦးအတွက် ကျပ်သိန်း(၁၄၁)သိန်း ကိုးသောင်းသုံးထောင်နှင့် ဗလာစာအုပ် (၁)ဒါဇင်၊ ပုံနှိပ်စာအုပ်တစ်စုံစီ ထောက်ပံ့လှူဒါန်းခဲ့ကာ နိုင်ငံတော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များက ပစ္စည်းနှင့်ငွေသားလှူဒါန်းငွေစုစုပေါင်း ကျပ်သိန်းပေါင်း(၃၇၆၀)သိန်းကျော် မီးဘေးသင့်ပြည်သူများအား ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
(ခရိုင်ပြန်/ဆက် – လပွတ္တာ)