မူးယစ်ဆေးဖြတ်ပြီးသူများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်မှုဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

30 Pic 01
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအတွက် အမျိုးသားမူးယစ်ဆေးဝါးမူဝါဒကိုထုတ်ပြန်ကြေညာပြီးဖြစ်သဖြင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများစနစ်တကျဆောင်ရွက် အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိလူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးကမူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းသည် နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ပြုသဖြင့် ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ (၂၆-၆-၂၀၁၈)ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သောအပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် နိုင်ငံတော်သမ္မတမိန့်ကြားခဲ့သည့်ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအနက်မှ တစ်ခုဖြစ်သောမူးယစ်ဆေးဝါးသုံးစွဲသူများကိုဆေးကုသပေးရန်၊ ပြန်လည်ထူထောင်ပေးရန်၊ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ပေါင်းစည်းနိုင်ရန် ပရဟိတအဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့်ပြည်သူများပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည့် အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်များအားလုံးစိတ်ရှည်ခြင်း၊ ဇွဲရှိခြင်း၊ ကိုယ်ကျိုးစွန့်လွှတ်ခြင်းများဖြင့် ဆောင်ရွက်ရန်လည်းလိုအပ်ကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကိုဆောင်ရွက်ရန် ရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ရေး၊ မူးယစ်ဆေးဝါးသံသရာမလည်စေရန်အတွက် သက်မွေးဝမ်းကြောင်းလုပ်ငန်းများကို တတ်မြောက်အောင် သင်ကြားလေ့ကျင့်ပေးနိုင်ရေး၊ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာနည်းစနစ်တကျ သင်ကြားလေ့ကျင့်ပေးနိုင်သည့် ဝန်ထမ်းနှင့်စေတနာရှင်လူငယ်များ မွေးထုတ်ပေးနိုင်ရေး၊ ရှေ့လုပ်ငန်းစဉ်များအတွက် ကောင်းမွန်သောစီမံချက်တစ်ရပ် ရေးဆွဲနိုင်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသောကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနှင့် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ် ရေးမှူးအသင်း (မန္တလေး)တို့မှ တာဝန်ရှိသူများကမိမိတို့ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီးမူးယစ်ပြန်လည်ထူထောင်ရေးဆရာဖြစ်သင်တန်းနှင့် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်သူသင်တန်းများတွင် အသုံးပြုရန် နိုင်ငံတကာလမ်းညွှန်များနှင့် လိုက်လျောညီထွေဖြစ်ပြီးမိမိနိုင်ငံနှင့်သင့်လျော်မည့် သင်တန်းလက်စွဲ၊ လမ်းညွှန်ပြုစုထုတ်ဝေအသုံးပြုနိုင်ရေးနှင့် ယခုကာလတိုအတွင်းဖွင့်လှစ်မည့် စွမ်းရည်မြှင့်သင်တန်းများအတွက် ဆက်လက်ညှိနှိုင်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုကော်မတီဝင်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဌ၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနှင့် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်း (မန္တလေး)တို့မှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

#hl1_otr
#ygn_jun2018

Source – MSWRR ရန်ကုန်၊ ဇွန် ၃၀

Sign Up

Upcoming Events