၂၀၁၈ ခုနှစ် ဇွန်လအတွင်း ရေကြီး/ရေလျှံမှုများကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးခဲ့မှုများ အပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပူးပေါင်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇွန် ၂၈
၂၀၁၈ ခုနှစ် ဇွန်လအတွင်း ရေကြီး/ရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးရန် လိုအပ်ချက်များနှင့်ပတ်သက်၍ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်ရှိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုလုပ်ငန်းကော်မတီနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ တို့ ပူးပေါင်းညှိနှိုင်းအစည်းအဝေးကိုစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဝန်ကြီးဌာန (၂) ခုမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုပိုင်းကို ပိုမိုအား ကောင်းအောင်ဆောင်ရွက်ပြီး ဘေးဖြစ်လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်လျက်ရှိကြောင်း၊ ဘေးဖြစ်ပြီး နောက် ပြန်လည်ထူထောင်မှုအပိုင်းကို ပိုမိုကောင်းမွန်သည့်အခြေအနေဖြစ်အောင် ကြိုးပမ်းဆောင်ရွက် နေကြောင်း၊ ကြိုတင်ပြင်ဆင်မှုအပိုင်းအားကောင်းအောင် ဆောင်ရွက်ထားပါက ထိခိုက်ပျက်စီးဆုံးရှုံးမှုနည်း သွားမည်ဖြစ်ကြောင်း၊ ထိခိုက်ပျက်စီးမှုနည်းပါက ပြန်လည်ထူထောင်ရေးပိုင်းတွင် သက်သာသွားမည်ဖြစ် ကြောင်း၊ ယနေ့ကာလသည်ရာသီဥတုပြောင်းလဲမှုကြောင့် မမျှော်မှန်းနိုင်သည့် ဘေးအန္တရာယ်များဖြစ်ပေါ် လျက်ရှိကြောင်း၊ ဥပမာအားဖြင့် မွန်ပြည်နယ်သည် နှစ်စဉ်ရေကြီးရေလျှံမှု အနည်းငယ်သာဖြစ်သော်လည်း ယခုနှစ်တွင် မျှော်လင့်မထားသည့် ထိခိုက်ပျက်စီးမှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် သဘာဝ ဘေးစီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီရှိကြောင်း၊ ကော်မတီ၏လက်အောက်တွင် လုပ်ငန်းကော်မတီ(၁၂)ခုရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီနှင့် ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီတို့ကို တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများပြန်လည် ထူထောင် ရေး လုပ်ငန်းကော်မတီကို တာဝန်ယူဆောင်ရွက်လျက်ရှိနေပြီး အဆိုပါလုပ်ငန်းကော်မတီသည် ကျန်လုပ်ငန်း ကော်မတီများနှင့် လုပ်ငန်းများဆက်စပ်နေပါကြောင်း၊ အရေးကြီးသည့်လုပ်ငန်းကော်မတီဖြစ်ပါကြောင်း၊ သဘာဝ ဘေးလျော့ပါးရေးလုပ်ငန်းများနှင့်ပတ်သက်၍ တစ်ဦးတည်းဆောင်ရွက်၍ မရဘဲအားလုံးက ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယခုဇွန်လအတွင်းဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများတွင် လူ့အသက် အိုးအိမ်ထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိသလို လယ်ယာကဏ္ဍပျက်စီးဆုံးရှုံးမှုများလည်းရှိသဖြင့် မည်ကဲ့သို့ ပြန် လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးရမည်ကို ညှိနှိုင်းဆွေးနွေးပြီးပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ် ကြောင်းဆွေးနွေးပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်က မိမိတို့ ဝန်ကြီးဌာနတွင် ဦးစီးဌာန (၃) ခုရှိပြီး ဝန်ထမ်းအင်အားနည်းပါးနေသေးကြောင်း၊ အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှသာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ပိုမိုအောင်မြင် မည်ဖြစ်ကြောင်း၊ ယခုဇွန်လအတွင်းရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးမှုများအပေါ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေးကိစ္စ၊ မွေးမြူရေးကိစ္စ၊ ဆည်မြောင်း/ တာတမံ ဆိုင်ရာကိစ္စ၊ စက်မှုလယ်ယာအရဆောင်ရွက်ပေးနိုင်မည့်ကိစ္စများစွာရှိပါကြောင်း၊ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်းပြောကြားပါသည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ်က ဇွန်လအတွင်း ရေကြီး/ရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကိုတင်ပြပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှုစာရင်းများကောက်ယူပြီးဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်ဖြစ်ပေါ်ခဲ့သော သဘာဝ ဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှုံးမှု (၃၂၁၇၈၃) ဧကအတွက် (၄၃၄၉.၁၃၅) ကျပ်သန်း ထောက်ပံ့ ပေးနိုင်ရေး တင်ပြဆောင်ရွက်ထားပါကြောင်း၊ မိမိတို့တွင် အာဆီယံ+၃ အရေးပေါ် အရံဆန်ရိက္ခာ အစီအစဉ် အနေဖြင့် ၂၀၁၇-၂၀၁၈ခုနှစ်တွင် ဆန်တန်ချိန် (၁၀၀၀) ရရှိထားရာယခု (၄၂၂) တန်ကျန်ရှိနေပါကြောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်အတွက် ဆန်တန်ချိန် (၈၀၀) ရရှိရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများဆောင်ရွက်ရန် ကမ္ဘာဘဏ်၏ အရေးပေါ်တုံ့ပြန်မှု(IRM) အစီအစဉ်ဖြင့် စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီးနှင့် ချင်း၊ ရခိုင်ပြည်နယ်တို့တွင် မော်တော်ဆိုင်ကယ်အစီး(၂၀၀၀)၊ ကွန်ပေါင်း ဓာတ်မြေသြဇာ (၃၄၉၁၂၃)အိတ်၊ မျိုးစေ့သန့်စင်စက်(၁၀)လုံး၊ အစိုဓာတ်တိုင်းကိရိယာ(၁၇၀)ခု၊ လေလုံ မျိုးစေ့သိုလှောင်အိတ် (၁.၅)တင်းအိတ် (၄၅၄၇၀)အိတ်၊ (၁)တန်အိတ်(၅၅၄၈)အိတ်၊ မိုးကာစ (၅၄၀၀) တို့ကိုဝယ်ယူဖြန့်ဖြူးဆောင်ရွက်လျက်ရှိကြောင်း၊ မျိုးစေ့နှင့်ဓာတ်မြေသြဇာများကိုလည်း ဘေးသင့်ဒေသများ ကိုဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း၊ စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ရေဘေးသင့်ဒေသများတွင် တောင်သူ များ စိုက်ပျိုးရေးလုပ်ငန်းများပြန်လည်ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်အနည်းဆုံးနှင့် ဆောင်ရွက်နိုင်အောင် စက်ယန္တရားများကူညီပေးမည့် အစီအစဉ်များစီစဉ်ထားရှိပါကြောင်း၊ ယခုဇွန်လအတွင်းမကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိမင်းဘူး(စကု)မြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်တို့တွင် ထွန်စက်များဖြင့် မြေပြု ပြင်ခြင်းလုပ်ငန်းများကို ဇူလိုင်လပထမပတ်မှ စတင်ဆောင်ရွက်နိုင်ရေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက် မြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့တွင် ဇူလိုင်လ ဒုတိယပတ်မှ စတင်ဆောင်ရွက်သွား နိုင်ရေးစီစဉ် ထားရှိပါ ကြောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာနအနေဖြင့် လည်းကြိုတင်ကာ ကွယ်ရေး လုပ်ငန်းများကို မပြတ်ဆောင်ရွက်နေပါကြောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့်လည်း၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှ စက်တင်ဘာလအထိ)တွင် သဘာဝဘေးဒဏ်ခံဒေသများသို့တိရစ္ဆာန်အစာနှင့် တိရစ္ဆာန် သုံး ဆေးဝါးဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီးကျပ်သန်း(၂၈၀) လျာထားကြောင်း၊ သဘာဝဘေးသင့်ဒေသများတွင် ကျေးလက်အိမ်ရာ (၄၀၀)ခန့် တည်ဆောက်နိုင်ရေးလည်းလျာထားပါကြောင်း၊ ငါးကန်များပျက်စီးပါက ငါးမွေးတောင်သူများ ပြန်လည်မွေးမြူနိုင်ရေးထောက်ပံ့ရန် စီစဉ်ထားပြီးဖြစ်ပါကြောင်း၊ မိမိတို့၏ဆောင်ရွက် ချက်များတွင် ပြည်သူများပူးပေါင်းပါဝင်မှုလိုအပ်ပါကြောင်းဆွေးနွေးပါသည်။ထို့အပြင် ကမ်းပြိုမှုများနှင့် ပတ်သက်၍ လည်းပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက်လာသူများက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ဆက်လက်တင်ပြမည့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_jun2018

Sign Up

Upcoming Events