နေပြည်တော်၊ ၂၆.၆.၂၀၁၈
မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အကြောင်း အမျိုးမျိုးကြောင့် နေရပ်စွန့်ခွာသူများအတွက် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရာ ပြည်နယ် (၄) ခုရှိ မြို့နယ် (၁၅) မြို့နယ်တွင် စုစုပေါင်းကယ်ဆယ်ရေးစခန်း (၁၄၀) ခုရှိနေပြီး နေရပ်စွန့်ခွာသူ လူဦးရေ (၁၆၀၀၀၀) ကျော်ရှိနေသည်။ ယင်းစခန်းများအနက် နှစ်ကာလကြာရှည်နေသော၊ စခန်းပိတ်သိမ်းရန် လိုအပ် သောစခန်းများကိုပိတ်သိမ်းရေး၊ လတ်တလောလုံခြုံရေးအရ စခန်းပိတ်သိမ်းရန် မဖြစ်နိုင်သေးသော ကယ်ဆယ်ရေးစခန်းများကို ဆက်လက်ထားရှိရေးနှင့် စခန်းပိတ်သိမ်းပြီးပါက ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးအစီအစဉ်များ ဆောင်ရွက်ပေးရန်လိုအပ်လျက်ရှိပါသည်။
အဆိုပါ ကိစ္စရပ်များတွင် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်နိုင်ရေးဆွေးနွေးရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Mr. Giuseppe de Vincentiis ဦးဆောင်ကာ UNOCHA နှင့် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးရုံးတို့မှ ကိုယ်စားလှယ်များ ပါဝင် သောအဖွဲ့က ယနေ့နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးနှင့် ဖက်ဒရယ်ဒီမို ကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေးဦးတည်ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက် (၈၈) ချက်အနက်မှ အကြံပြုချက် (၈၀) ခန့် အကောင်အထည်ဖော်ဆောင်လျက်ရှိမှု၊ ထိုသို့ဆောင်ရွက်ရာတွင် ဦးစားပေးလုပ်ငန်းအနေဖြင့် National Verificition Process မှတဆင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းဆောင်ရွက်ရေး၊ လွတ်လပ်စွာသွားလာခွင့်နှင့် ရခိုင် ပြည်နယ်ရှိ ကာလကြာရှည်တည်ရှိနေသည့် ကယ်ဆယ်ရေးစခန်းများပိတ်သိမ်းမှု ဆောင်ရွက်ရေးအခြေအနေများ၊ ဇွန်လ (၂) ရက်နေ့တွင် ကယ်ဆယ်ရေးစခန်းများပိတ်သိမ်းနိုင်ရန် မဟာဗျူဟာစီမံချက်ရေးဆွဲနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကျင်းပမှုနှင့် အလုပ်ရုံဆွေးနွေးပွဲမှအကြံပြုချက်များအရ ဆက်လက်ဆောင်ရွက်သင့် သည့်ကိစ္စရပ်များ၊ ပြည်နယ်အသီးသီးတွင် နောက်ခံအကြောင်းခြင်းရာမတူညီသဖြင့် ကယ်ဆယ်ရေးစခန်း ပိတ်သိမ်းမှုတွင် ကွဲပြားခြားနားသောချဉ်းကပ်ဆောင်ရွက်မှုများဖြင့် ဆောင်ရွက်ရေး၊ စခန်းပိတ်သိမ်းရေးအတွက် အမျိုးသားအဆင့်စီမံချက်တစ်ရပ်ဆက်လက်ရေးဆွဲရေးကိစ္စများ၊ ၎င်းအပြင် ကုလသမဂ္ဂမှထုတ်ပြန်ထားသည့် ပြည်တွင်း၌ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရမှုဆိုင်ရာ လမ်းညွှန်အခြေခံမူများ (Guiding Principles on Internal Displacement) အရ နေရပ်စွန့်ခွာနေထိုင်ရသူများ၏ အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ နေရပ်စွန့်ခွာသူများ ကိုယ်တိုင်နှင့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် ဆွေးနွေးမှုများဆောင်ရွက်ရေး၊ ပြန်လည် နေရာချထားရေးတွင် သက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် ပညာရေး၊ ကျန်းမာရေးစသည့် အခြေခံဝန်ဆောင်မှုများ လက်လှမ်းမီရရှိစေရေး၊ လက်ရှိနိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်သို့ ပါဝင်ဆောင်ရွက်မှုအခြေအနေများ၊ အိုးအိမ် ဆောက်လုပ်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်ဆဲအစီအစဉ်များ၊ လုံခြုံရေးဆိုင်ရာနှင့်စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာနနှင့်ညှိနှိုင်း၍ မောင်တောမြို့နယ်တွင် ဦးစွာပထမလွတ်လပ်စွာသွား လာခွင့်ရရှိစေရေး ဆောင်ရွက် ပေးမှုများ၊ လူမှုအသိုက်အဝန်းနှစ်ရပ်အကြားသဟဇာတဖြစ်စွာနေနိုင်ရေးအတွက် ကျောက်တော်မြို့နယ်၊ နိဒင်ရွာ ကယ်ဆယ်ရေးစခန်းပိတ်သိမ်း၍ ပြန်လည်နေရာချထားရေးတွင် စံပြမြို့နယ်အဖြစ်ဆောင်ရွက်နေမှုများ၊ လူမှု အသိုက်အဝန်းများအကြား ပြန်လည်သင့်မြတ်ရေးအတွက် Centre for Humanitarian Dialogueအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများကပူးပေါင်းပါဝင်ရေးနှင့် အကူအညီပေးရေးကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_jun2018