(၁-၂-၂၀၁၆) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအထောက်အကူပြုခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ( ဆင့်ပွား) သင်တန်းဖွင့်လှစ်ပို့ချမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းကို (၁-၂-၂၀၁၆) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအထောက်အကူပြုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲ၌ တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်သာက ”ဒီသင်တန်းတွေ ပို့ချပေးခြင်းဖြင့် တိုင်းဒေသကြီးအသီးသီးရှိ မြို့နယ် ကျေးရွာတွေမှာ ရပ်ရေးရွာရေးကို တကယ်အရေးကြုံလာရင် တက်ကြွဖျတ်လတ်စွာ ဝင်ရောက်ဆောင်ရွက်လိုတဲ့ လူငယ်မောင်မယ်တွေပေါ်ထွက် လာစေမှာဖြစ်ပါတယ်။ သင်တန်းဆင်းလူငယ်လေးတွေကနေ တစ်ဆင့် အချင်းချင်း ပရဟိတစိတ်ရှိတဲ့၊ တက်ကြွတဲ့ လူငယ်တွေကို ဆင့်ပွားသင်တန်းတွေ ပေးနိုင်မှာဖြစ်ပါတယ်။ ဒီလိုနဲ့ ရပ်ရွာတွေမှာ သဘာဝဘေးလျော့ပါးရေး လူငယ်အဖွဲ့တွေကိုလည်း ဖွဲ့စည်းနိုင်မှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့ပါသည်။

ယင်းသင်တန်းတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ် (၁၄) ခုမှ သင်တန်းသား အမျိုးသား အမျိုးသမီး (၃ဝ) တက်ရောက်ခဲ့ကြသည်။ သင်တန်းတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ နည်းပြများ၊ World Vision Myanmar မှ နည်းပြများ၊ သဘာဝဘေးဆိုင်ရာ လူငယ်သင်တန်းများမှ ဆရာဖြစ်နည်းပြများက သင်ကြားပေးခဲ့သည်။ သဘာဝဘေးအခြေခံဝေါဟာရများ၊ မြန်မာနိုင်ငံသဘာဝဘေးစီမံခန့်ခွဲမှုစနစ်နှင့် ဥပဒေ၊ နည်းဥပဒေများ၊ ထိခိုက်လွယ်အုပ်စုများ၊ ဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုကို နားလည်စေခြင်း၊ ရပ်ရွာအခြေပြုသဘာဝဘေးစီမံခန့်ခွဲမှု၊ ပြန်လည်ထူထောင်ရေး၊ ဘေးအန္တရာယ်နှင့် ဖွံ့ဖြိုးတိုးတက်မှု ဆက်နွှယ်ပုံနှင့် သဘာဝဘေးခံရသူအား နှစ်သိမ့်ဆွေးနွေးခြင်း သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ပါသည်။

သင်တန်းကို ဖေဖော်ဝါရီ (၁) ရက်မှ (၃) ရက်အထိ ပို့ချသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းသားတစ်ဦးလျှင် အင်္ကျီ၊ လျှာထိုးဦးထုပ်၊ လက်နှိပ်ဓာတ်မီး၊ ကျောပိုးလွယ်အိတ်တစ်လုံး၊ မှတ်စုစာအုပ်တစ်အုပ်၊ မိုးကာအင်္ကျီတစ်ထည်၊ စာရေးကိရိယာနှင့် သဘာဝဘေးအသိပညာပေးစာအုပ်များကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events