နေပြည်တော်၊ ဇွန် ၂၀
မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ရန်ပုံငွေထူထောင်ရေးနှင့်စပ်လျဉ်းသည့် အစည်းအဝေးအား ယနေ့ နေ့လယ်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ ဒုတိယဥက္ကဌ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် လူတိုင်းရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက် ရေး၊ အခြေခံလူ့အခွင့်အရေးများရရှိရေးနှင့် လွတ်လပ်စွာ လုံခြုံမှုရှိရေးအတွက် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ လုံခြုံမှုဆိုရာ၌ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံခြုံမှုကိုပါ ထည့်သွင်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မသန်စွမ်းသူများ၏ အခြေခံလိုအပ်ချက်များကို အပြည့်အဝဖြည့်ဆည်းနိုင်ရန် ရန်ပုံငွေတစ်ရပ် ထူထောင်ရေးလိုအပ်ကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေ၊ နည်းဥပဒေများထွက်ရှိပြီးသည့် အပြင် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မည့် အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီများကိုလည်း ဖွဲ့စည်းဆောင်ရွက်ပြီး ဖြစ်ပါ ကြောင်း၊ (၅-၆-၂၀၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် လုပ်ငန်းကော်မတီ (၁/၂၀၁၈) အစည်းအဝေးဆုံးဖြတ်ချက်အရ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာရန်ပုံငွေ ထူထောင်နိုင်ရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာနသို့ တင်ပြညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်သဖြင့် ယခု အစည်း အဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသား အဆင့်မဟာဗျူဟာ (၂၀၁၆-၂၀၂၅)၏ လုပ်ငန်းအစီအစဉ် (၄)ရပ်တွင်လည်း လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် နိုင်ငံ တော်ဘတ်ဂျက်မှ ရန်ပုံငွေခွဲဝေချထားပေးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်ဟူ၍ ပါဝင်ပါကြောင်း၊ ရန်ပုံငွေထူထောင်ရာတွင်လည်း ခွဲဝေသုံးစွဲမှုဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို သတ်မှတ်ပြီး စာရင်းစစ်ဆေးမှု ခံယူနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသူများမှ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးပါရန် နှင့် ပူးပေါင်းပါဝင်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လူမှုကာကွယ် စောင့်ရှောက်ခြင်းလုပ်ငန်းစဉ်များ ပိုမိုဆောင်ရွက်နိုင်ရန်နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန် ရန်ပုံငွေတစ်ရပ်ထူထောင်ရန် လိုအပ်ပါ ကြောင်း၊မသန်စွမ်းသူများ၏ အခွင့်အရေး များကို ဖြည့်ဆည်းရာတွင် မသန်စွမ်းသူများအတွက် အထူးသင်ကြားပေးနိုင်မည့် လူ့စွမ်းအား အရင်းအမြစ် ဆရာ/ဆရာမများ မွေးထုတ် ပေးရန်အပြင် အဆောက်အဦလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးရမည် ဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့် နည်းဥပဒေတို့တွင် လည်း ရန်ပုံငွေထူထောင်ရန် ပါဝင်ပါကြောင်း၊ ရန်ပုံငွေထူထောင်ရာတွင် ပြည်ထောင်စုဘတ်ဂျက်မှမတည်ပြီး အခြားအလှူငွေ/ထည့်ဝင်ငွေများဖြင့်လည်း ပေါင်းစပ်ထူထောင်သွား မည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ နှင့် တက်ရောက်လာကြသူများက အသီးသီးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1_otr
#npw_jun2018
Source: MSWRR