မော်လမြိုင် ဇွန် ၂၀
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (ဆည်မြောင်း) ဦးမြဝင်းနှင့်အတူ မုဒုံမြို့နယ်၊ ကမာ ဝက်ကျေးရွာအနီးရှိ ဝင်းဖနုံရေလှောင်တမံ သို့ရောက်ရှိပြီး ၊ တာဝန်ရှိပုဂ္ဂိုလ်များက ရေလှောင်တမံ ကြံ့ခိုင်မှု အခြေအနေ၊ ရေဝင်ရောက်မှုအခြေအနေအား ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ရေလှောင်တမံ တစ်လျှောက် လှည့်လည်ကြည့်ရှု့ခြင်း ၊ ရေလှောင်ကန်အတွင်းရှိ ရေထိန်းမျှော်စင် အလုပ်လုပ်နေမှုတို့အား ကြည့်ရှုခဲ့ပါသည်။
ထို့နောက် ရေလှောင်တမံအောက်ပိုင်းရှိ ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့်တွေ့ဆုံ၍ ရေလှောင်တမံ၏ ကြံ့ခိုင်မှုကောင်းမွန်မှုအခြေအနေအား ဆည်မြောင်းမှ တာဝန်ရှိသူများနှင့်အတူ ရှင်းလင်း ပြောကြားပြီး၊ မကြာမှီရက်ပိုင်းကမော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်များတွင် မိုးအဆက်မပြတ်ရွာ သွန်းမှုကြောင့် ရေလှောင်တမံကြံ့ခိုင်မှုနှင့် ရေဝင် / ထွက် အခြေအနေများကို ဆည်မြောင်းတာဝန်ခံမှ ရှင်းလင်းတင်ပြခဲ့ပါသည်။
အဆိုပါရေလှောင်တမံအခြေအနေမှာ ဇွန်လ ၁၈ ရက်နေ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၎င်းနေ့ ညအချိန်ခန့်တွင် ဝင်းဖနုံရေလှောင်တမံကျိုးပေါက်သွားကြောင်း လူမှုကွန်ယက်များမှ သတင်းတက် လာသဖြင့် ရေလှောင်တမံ အောက်ပိုင်းရှိ ကျေးရွာများမှ ပြည်သူများ အထိတ်တလန့်ဖြစ်လာ၍၊ ထိုနေ့ည တွင်းချင်းပင် ပြည်နယ်အစိုးရမှ တာဝန်ရှိသူများ၊ မုဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတို့မှ ကျေးရွာများသို့ သွားရောက်၍ ရပ်မိရပ်ဖတို့အား ဖြစ်စဉ်အမှန်မဟုတ်ဘဲ ကောလဟလ သတင်းသာဖြစ်ကြောင်း၊ ရေလှောင်တမံမှာ မည်သည့်ချို့ယွင်းမှုမျှမရှိကြောင်း သွားရောက်ရှင်းလင်းပြောကြားခဲ့ရကြောင်း သိရှိရပါသည်။ ဒုတိယ ဝန်ကြီးကလည်း ယနေ့နံနက်ပိုင်းတွင် အဆိုပါ ရေလှောင်တမံသို့ရောက်ရှိပြီး မြို့နယ် အထွေထွေ အုပ်ချုပ် ရေးမှူး ဆည်မြောင်း လက်ထောက်ညွှန်ကြားရေးမှူး၊ ကျေးရွာ ဥက္ကဌများ ၊ ရပ်မိရပ်ဖများနှင့် ထပ်မံတွေ့ဆုံ၍ ဆည်နှင့်ပတ်သက်သော သတင်းအချက်အလက်များ မေးမြန်းစုံစမ်းနိုင်ရန်ဆက်သွယ်ရမည့် တယ်လီဖုန်း အမှတ်များပေးထားခြင်း၊ မိုးများဆက်တိုက်ရွာသွန်းမှုရှိလာသည့်အခါတိုင်းတွင် ရေလှောင်တမံနှင့် ပတ်သက် သော သတင်းအချက်အလက်များကို ဒေသခံပြည်သူများသို့ မျှဝေပေးနိုင်ရန်နှင့် ကောလဟလသတင်းများကို ယုံကြည်မှုမရှိဘဲတာဝန်ရှိသူများထံ စုံစမ်းမေးမြန်းနိုင်ပါကြောင်း အပြန်ရှင်းလင်းပြောကြားခဲ့ ပါသည်။
ဒုတိယဝန်ကြီးက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီကလည်း စနစ်တကျစီမံဆောင်ရွက်ပေးလျှက်ရှိပါကြောင်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက် သော သတင်းအချက်အလက်များ စုံစမ်းလိုပါက ဝန်ကြီးဌာန၏ Hot Line (၂၄) နာရီ ဖွင့်လှစ်ထား သော ဖုန်းနံပါတ် ၀၆၇ – ၄၀၄၆၆၆ နှင့် ၀၆၇- ၄၀၄၇၇၇ ဖုန်းများသို့ ဆက်သွယ်နိုင်ကြောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်။ ထို့နောက် ဝင်းဖနုံရေလွှဲဆည်၏ ရေစီးဆင်းမှု အခြေအနေတို့အား ကြည့်ရှုခဲ့ပါသည်။ ဆက်လက်၍ မော်လမြိုင်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းဝင်းအတွင်းရှိ အထူး ပြုစုစောင့်ရှောက်ရန်လိုအပ်သောကလေးများ လေ့ကျင့်သင်ကြားရေးကျောင်းသို့ ရောက်ရှိပြီး၊ Future Light Foundation မှ ဆရာ/ဆရာမ (၁၃) ဦးတို့ဖြင့် ကျောင်း၌ လေ့ကျင့်သင်ကြားလျှက်ရှိသော မသန်စွမ်းကလေး များအားရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ စားသောက်ဖွယ်ရာများအား ကျွေးမွေးခဲ့ပါသည်။
ထို့နောက် လူငယ်သင်တန်းကျောင်းရှိ ကျောင်းသား (၁၅) ဦး ဆံသသင်တန်းတက်ရောက်နေမှုအား ကြည့်ရှုအားပေးစကားပြောကြားပြီး၊ ကျောင်းသားအိပ်ဆောင်ရှိ လူငယ်များနှင့်တွေ့ဆုံ အားပေးစကား ပြောကြား၍ အချိန်ပိုင်း အင်္ဂလိပ်စာ သင်ကြားနေသော ကျောင်းသား (၉) ဦး နှင့် စေတနာ့ဝန်ထမ်း ဆရာမ စာသင်ကြားပြသနေမှုအား ကြည့်ရှုအားပေးစကားပြောကြားခဲ့ပါသည်။ ထို့နောက် လူမှုဝန်ထမ်းပြည်နယ် ဦးစီးမှူး၊ လူငယ်သင်တန်းကျောင်းအုပ်နှင့် ဝန်ထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သိုလှောင်ရုံသို့ ရောက်ရှိ ရာ ကယ်ဆယ်ရေးပစ္စည်းများ ထားသိုမှု၊ ဖြန့်ဝေထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ သဘာဝ ဘေးဖြစ်လာပါက ကယ်ဆယ်ရေးပစ္စည်းများအား အမြန်ဆုံး ထုတ်ပေးသွားရန်နှင့် စာရင်းဇယားများ တိကျမှန် ကန်စွာ ပြုစုကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
#hl2
#mon_jun2018