လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးရုံးမှ ကြီးမှူး၍ သဘာဝဘေးလျော့ပါးရေးဆောင်ရွက်ချက်များအပေါ်တွင် အမြဲထိတွေ့နေရန်နှင့် သဘာဝဘေးနှင့် ပတ်သက်သော အသိပညာဗဟုသုတများ ပိုမိုရရှိစေရန် ရည်ရွယ်လျက် ခရိုင်အဆင့်သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းကို ဇန်နဝါရီလ (၃၀) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် ထားဝယ်မြို့သူနာပြုသင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။
သင်တန်းဖွင့်ပွဲတွင် ထားဝယ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးဦးရန်နိုင်မောင်က အဖွင့်အမှာစကားပြောကြားပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးနေမျိုးထွန်းက သင်တန်းဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သင်တန်းဖွင့်ပွဲသို့ ထားဝယ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီမှူးဦးနေမျိုးထွန်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများစုစုပေါင်း (၁၅၀) ဦး တက်ရောက်ကြသည်။
သင်တန်းတွင် သဘာဝဘေးစီမံခန့်ခွဲမှုသဘောတရားများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံနိုင်ခြေများ၊ ရပ်ရွာအခြေပြုသဘာဝဘေးစီမံခန့်ခွဲမှုများအကြောင်းကို ပို့ချပေးမည်ဖြစ်သည်။ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၃၂) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇန်နဝါရီ (၃၀) ရက်မှ ဖေဖော်ဝါရီ (၁) ရက်နေ့အထိဖြစ်ကြောင်း သိရှိရပါသည်။