၁။ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၈ခုနှစ်၊ ဇွန်လတတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်အရ မိုးရွာသွန်းမှုအခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင််နှင့် မွန်ပြည်နယ် တို့တွင် ရွာသွန်းမြဲခန့်ရှိနိုင်ကြောင်း မြစ်ရေအခြေအနေမှာ ဧရာဝတီမြစ်ရေသည် ဇွန်လတတိယ(၁၀)ရက် ပတ်အတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ၃-ပေမှ ၅-ပေခန့်နှင့် မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၁-ပေမှ ၃-ပေခန့် မြင့်တက်လာနိုင်ကြောင်း၊ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင်၄-ပေမှ ၆-ပေခန့် မြင့်တက်လာနိုင်ပြီး မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၂-ပေမှ ၃-ပေခန့် ကျဆင်းလာနိုင်ကြောင်း ထုတ်ပြန်ထားပါသည်။
၂။ ၂၀၁၈ခုနှစ်၊ ဇွန်လပထမပတ်ခန့်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်လည်း တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ (၁၉-၆-၂၀၁၈)နေ့စာရင်းများအရ လူဦးရေ (၄၄၀၀၀)ခန့် ရေဘေးဒဏ်ခံစားခဲ့ရပြီး လူ(၁၈)ဦးသေဆုံးခဲ့ပါသည်။
၃။ သို့ပါ၍ ပြည်သူလူထုများအနေဖြင့် မိုးလေဝသသတင်းများနှင့် မြစ်ရေအခြေအနေထုတ်ပြန်ချက် များကို စဥ်ဆက်မပြတ်သတိပြုနိုင်ပါရန်နှင့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အောက်ဖော်ပြပါ အချက် များကို လိုက်နာဆောင်ရွက်နိုင်ပါရန် အကြံပြုအပ်ပါသည်-
(က) မိသားစုများ၊ အရေးပေါ်ပြောင်းရွှေ့နိုင်ရန်နေရာ၊ လမ်းကြောင်းများနှင့်မိသားစုဆုံရပ်ကို ကြိုတင်သတ်မှတ်ထားပါ။
(ခ ) ရေစိုပျက်စီးနိုင်သောပစ္စည်းများကို ခြောက်သွေ့၍ မြင့်သောနေရာတွင်ထားရှိပါ။
(ဂ ) သောက်သုံးရေများ ကြိုတင်စုဆောင်းထားပါ။
(ဃ) အသက်ကယ်အင်္ကျီ၊ ဘောကွင်း၊ လေလုံပိတ်ရေပုံးအလွတ်၊ ငှက်ပျောတုံး၊ သစ်တုံး၊ ကားတာယာကျွတ်အစရှိသည့် အရေးပေါ်အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင် ထားပါ။
( င) မြေနိမ့်ဒေသ၊ ချိုင့်၊ ရေနုတ်မြောင်းအစရှိသည့် ရေလွှမ်းမိုးပါကအန္တရာယ်ဖြစ်နိုင်သော နေရာများကို မြင်သာသော အမှတ်အသားထားရှိပါ။
(စ ) တောင်ပေါ်ဒေသများ၊ ချောင်းဖျား၊ မြစ်ဖျားများတွင် မိုးကြီးပါက မြစ်ဝှမ်းတစ်လျှောက် တွင် လျှပ်တစ်ပြက်ရေကြီးခြင်းများဖြစ်နိုင်ကြောင်း သတိပြုပါ။ လျှပ်တပြက်ရေကြီးခြင်း သည် ရှောင်တိမ်းရန် အချိန်အလွန်နည်းပါသည်။
(ဆ) ရေကြီးသောဒေသများတွင် မြစ်၊ ချောင်းကမ်းပါးတိုက်စားပြီး ပြိုကျတက်သောကြောင့် မြစ်၊ ချောင်းကမ်းပါးများအနီးသို့ မသွားပါနှင့်။
(ဇ ) ရေထဲတွင် မလိုအပ်ဘဲ ရေကူးခြင်း၊ လမး်လျှောက်ခြင်းများ မပြုလုပ်ပါနှင့်။
(စျ ) ရေစိုနေသော လျှပ်စစ်ပစ္စည်းများကို အသုံးမပြုပါနှင့်။
(ည) အန္တရာယ်ရှိသည့် မြစ်ချောင်းများအနီး၊ တောင်ကျချောင်းများအနီးနှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်သည့်နေရာများမှ ခေတ္တရှောင်ရှားနေထိုင်ပါ။
(ဋ ) မလွှဲမရှောင်သာ ရေထဲဖြတ်လျှောက်ရပါက တုတ်ဖြင့် စမ်းထောက်ပြီးသွားပါ။
(ဌ ) မြွေနှင့်အဆိပ်ရှိသောသတ္တ၀ါများ၏ အန္တရာယ်ကို သတိပြုပါ။
၄။ ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်များ၊ အကြံပြုချက် များအတိုင်း ကြိုတင်ပြင်ဆင်ရန်၊ အရေးပေါ်အချိန်တွင် သက်ဆိုင်ရာတာ၀န်ရှိသူများ၏ စီစဥ်ဆောင်ရွက် မှုများအတိုင်း လိုက်နာဆောင်ရွက်ပေးပါရန်နှင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန် ကြီးကြပ်မှုဖြင့် အလျင်အမြန်တုံ့ပြန်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့်လည်း ပူးပေါင်း ပါ၀င်ပေးကြပါရန်၊ လိုအပ်ချက်များရှိပါက Hotline ဖုန်းနံပါတ်များဖြစ်သော (၀၆၇-၃၄၀၄၆၆၆) နှင့် (၀၆၇-၃၄၀၄၇၇၇)များသို့ ဆက်သွယ်သတင်းပေးပို့ခြင်း၊ အကူအညီရယူခြင်းများ ဆောင်ရွက်ပေးပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန