===============================================
မော်လမြိုင်၊ ဇွန် ၁၉——-
အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဌ၊ ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ၏လမ်းညွှန်မှုဖြင့် မော်လမြိုင်မြို့ကျိုက်သလ္လံစေတီတော်ပြည်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းရေးအတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် သက်ဆိုင်ရာ စေတီတော်ဂေါပကအဖွဲ့များ (၁၈-၆-၂၀၁၈) ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ညှိနှိုင်းဆွေးနွေးခဲ့ကြရာ ပြန်လည် ပြုပြင်ရေးလုပ်ငန်းများတွင် အကြံညဏ်များပေးနိုင်ရန်အတွက် ပညာရှင်များပါဝင်သော ကော်မတီ ဖွဲ့စည်းရေးကိုဆုံးဖြတ်ခဲ့ကြပါသည်။
ယနေ့တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် ပညာရှင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စား လှယ်များသည် ကျိုက်သလ္လံ စေတီတော်သို့ရောက်ရှိပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဖြစ်ပေါ်ခဲ့သော ပျက်စီးမှုအခြေအနေများကို ကြည့်ရှုလေ့လာ သုံးသပ်ကြပြီး ပြန်လည်ပြုပြင်ရေး အကောင်အထည်ဖော်ရန် ညှိနှိုင်းခဲ့ကြရာ ဘုရားရင်ပြင်တော် အရှေ့မြောက်ထောင့်နှင့် အနောက် ဘက်မြေပြိုမှုကို ယာယီထိန်းသိမ်းရန်အတွက် ရင်ပြင်တော်ပေါ်ရှိ အက်ကွဲကြောင်းများအား ရေလုံ ဘိလပ်မြေမဆာလာဖြင့် ဖာထေးပေးခြင်း၊ သေးငယ်သော အက်ကွဲကြောင်းများအား ဆီလီကွန် ထိုးပေးခြင်းနှင့် ရေဆင်းကောင်းမွန်စေရေးတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြေပြိုမှုဖြစ်သည့် မြေသားများအား မိုးရေဝင်ပြီး ထပ်မံမပြိုကျစေရန် လတ်တလောတွင် မိုးကာစများဖြင့်ဖုံးအုပ်ထား ရန် လိုအပ်ပါကြောင်း၊ မြေပြင်လျောစောက်တည်ငြိမ်စေရေးအတွက် အဓိကဆောင်ရွက်ရမည် ဖြစ်၍ လောလောဆယ်တွင် ကျောက်စီခြင်းများချထားပေးခြင်းဖြင့် ကာကွယ်ရန်ဖြစ်ကြောင်း၊ အဓိကမြေပြိုသည့် အရှေ့မြောက်ထောင့်နှင့် အနောက်ဘက်နေရာများတွင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။
ထို့နောက် ကျိုက်သလ္လံစေတီတော် ပြန်လည်ပြုပြင်ရေးအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ လှူဒါန်းသော ကျပ်သိန်းတစ်ထောင်ကို ကော်မတီ၏ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လက်ခံရယူကြကြောင်း သတင်းရရှိပါသည်။