====================================================
မော်လမြိုင်၊ ၁၈-၆-၂၀၁၈———-
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဌ ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော မွန်ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့နေရာအနှံ့အပြားတွင် ရာသီဥတုပြောင်းလဲမှုကြောင့် သသဘာဝဘေးအန္တရာယ်များ ဖြစ်ပွားမှုပိုမိုများပြားလာပါကြောင်း၊ သဘာဝဘေးမဖြစ်နိုင်သော နေရာဟူ၍ မရှိနိုင်သဖြင့် ကြိုတင်ကာကွယ် သတိရှိရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးနှစ်စဉ် ပုံမှန်ဖြစ်နိုင်သည့်နိုင်ငံဖြစ်လာပြီး ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကိုရင်ဆိုင်နိုင်ရန် အဆင်သင့်ဖြစ်မှု အနည်းဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်ဆဲဖြစ်ပါကြောင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အနေဖြင့် မွန်ပြည်နယ်တွင် စက်တပ်လှေ(၉)စီးကို ကြိုတင်ပေးပို့ပြင်ဆင်ခဲ့သော်လည်း နှစ်စဉ်ရေဘေးဒဏ်ခံနေရသော ဘီးလင်း၊ ကျိုက်ထိုမြို့များတွင် ဖြန့်ခွဲထားရှိသဖြင့် လတ်တလော မော်လမြိုင်မြို့တွင် ဖြစ်ပွားသော ရေကြီးရေလျှံမှုအတွက် အရေးပေါ်လိုအပ်သော စက်တပ်လှေ(၃)စီးကို တစ်ပါတည်းယူဆောင်လာခဲ့ပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ပြည်ထောင်စုအစိုးရ၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ပြည်နယ်အစိုးရတို့ပူးပေါင်းပြီး ရေတိုရေရှည်လုပ်ငန်းများခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျိုက်သလ္လံစေတီတော်မြေမြိုကျမှုကိစ္စနှင့်စပ်လျဉ်း၍ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် စေတီတော်ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီကိုအကြံပေးနိုင်ရန် ပညာရှင်များပါဝင်၍ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာအသီးသီးကလည်း မိမိတို့ဌာနအလိုက် ပျက်စီးဆုံးရှုံးမှုအခြေအနေများနှင့် လိုအပ်ချက်များကို အကြံပြုဆွေးနွေးကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးမှုများ၊ ယာယီရေဘေး ရှောင်စခန်းများ ဖွင့်လှစ်ထားရှိမှုနှင့် လိုအပ်ချက်များကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆက်လက် ဆောင်ရွက်မည့်အစီအမံများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဖိုက်ဘာစက်တပ်လှေ (၃)စီး၊ ရေသန့်ဆေးထုပ် (၄၀၀၀၀) နှင့် ယာယီရေဘေးခိုလုံသူ ပြည်သူ (၇,၄၀၇) ဦးအတွက် လတ်တလော စားသုံးရန် ရိက္ခာဖိုးငွေ (၁၅၅)သိန်းကျော်တို့ကို ပြည်ထောင်စုဝန်ကြီးက ထောက်ပံ့ပေးအပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယာယီရေဘေးရှောင်စခန်းများဖြစ်သော အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း၊ ဓမ္မပီယဘုန်းတော်ကြီးကျောင်း၊ ရွှေစေတီဘုန်းတော်ကြီးကျောင်း၊ အ.မ.က (လှိုင်)နှင့် သဒ္ဓမ္မစေတနာ ဘုန်းတော်ကြီးကျောင်းများသို့ရောက်ရှိပြီး ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားခြင်း၊ တစ်ပတ်စာဆန်ရိက္ခာဖိုးငွေထောက်ပံ့ခြင်း၊ ကာဘော်လစ်ဆပ်ပြာတုံးများ ထောက်ပံ့ခြင်း၊ သက်ကြီးရွယ်အိုဘိုးဘွားများအား ငွေကြေးထောက်ပံခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလည်းလိုက်ပါခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းတွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် ဝန်ထမ်းအင်အားနည်းပါးနေသောကြောင့် ပြည်နယ်နှင့်တိုင်းများတွင် တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး နောင်လာမည့်နှစ်များတွင် ဝန်ထမ်းအင်အားပြည့်မီ လာမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ဝန်ကြီးဌာန၏လုပ်ငန်းများကို ပိုမိုထိရောက်စွာ ထမ်းဆောင်နိုင်ရန် လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်နေပါသဖြင့် တစ်ဖွဲ့ခြင်းစီအလိုက် မိမိတို့ပါဝင်ဆောင်ရွက်နေသော အခန်းကဏ္ဍကို ဆွေးနွေးပေးကြပါရန်ပြောကြားခဲ့ပြီး လူမှုအဖွဲ့အစည်းများက ၎င်းတို့၏အဖွဲ့အစည်းလုပ်ငန်း အခြေအနေနှင့်ပါဝင်ဆောင်ရွက်နိုင်မည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက် နိုင်မည့်လုပ်ငန်များ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေရှင်းဆွေးနွေးခဲ့ကြပါသည်။
မွန်ပြည်နယ်အတွင်း (ဇွန်လ၊၁၆ရက်) နေ့မှစ၍ မိုးအဆက်မပြက်ရွာသွန်းနေမှုကြောင့် ရေကြီးနစ်မြုပ်ခြင်းများ ဖြစ်ပွားခဲ့ရာ နေရာအချို့တွင် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပါသည်။ ၁၇.၆.၂၀၁၈ ရက်နေ့အထိစာရင်း ကောက်ယူရရှိမှုများမှာ မော်လမြိုင်မြို့တွင် အိမ်ခြေ(၆၅)လုံး၊ အုတ်တံတိုင်းပြိုကျမှု (၁၇) နေရာ၊ တံတား(၁)စင်း၊ ချောင်းဆုံမြို့တွင် အိမ်ခြေ(၂)လုံး၊ အုတ်တံတိုင်းပြိုကျမှု(၃)နေရာ၊ ကျိုက်မရောမြို့တွင် တံတား(၁)စင်း၊ မုဒုံမြို့တွင် အိမ်ခြေ(၂၀)လုံး၊ ရေးမြို့တွင် တံတား(၁)စင်းတို့ဖြစ်ကြပြီး ဘာသာရေးအဆောက်အဦးများ၊ စာသင်ကျောင်းများ၊ ဓာတ်မီးတိုင်နှင့်ဖုန်းတိုင်များ၊ လယ်ယာမြေ(၃၁၈၀)ဧကနှင့် သီးနှံစိုက်ခင်းအချို့လည်း ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။