====================================================
မကွေး၊ ဇွန် ၁၆—
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခံခွဲမှုကော်မတီဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် (၁၅-၆-၂၀၁၈) မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီးအတွင်းဖြစ်ပေါ်လျက် ရှိသော ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။
အဆိုပါအစည်းအဝေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး အရေးပေါ် တုံ့ပြန်မှု လုပ်ငန်းများသာမက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်လျက် ရှိပါကြောင်း၊ ဖြစ်ပေါ်လျက်ရှိသည့် ရေးကြီးရေလျှံမှုများကြောင့်၊ လမ်းများ၊ တံတားများ၊ နေအိမ်များ၊ လယ်ယာမြေများနှင့် စိုက်ပျိုးသီးနှံများ ဆုံးရှုံးခဲ့ရသည်ကို သိရှိပါကြောင်း၊ ပြည်သူများ ဘေးလွတ်ကင်းရာဒေသသို့ ယာယီပြောင်းရွှေ့ နေရာချထားပေးနိုင်ခဲ့သော်လည်း ဓါတ်လိုက် သေဆုံးခြင်းနှင့် ရေတွင်မျောပါသေဆုံးမှုများကြောင့် အသက်ဆုံးရှုံးမှုအချို့ရှိခဲ့ကြောင်း၊ ရေဘေး ကြိုတင်ကာကွယ်ရေး အတွက် တာတမံများ ကြံ့ခိုင်ရေးဆောင်ရွက်ခြင်း၊ ပန်းတာများ ပြုလုပ်ခြင်း၊ မြစ်ချောင်းများ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ခြင်း၊ သဲအိတ်များဖြင့်တာဖို့ခြင်း၊ မြေထိန်းနံရံများ ပြုလုပ်ခြင်း၊ ရေပြွန်များ၊ ရေကာတာများပြုလုပ်ခြင်း၊ ပြည်သူများဘေးကင်းစေရန် အတွက် စက်လှေများ၊ အသက်ကယ်အကျႌများအပြင် ဘက်စုံသုံး ဆိပ်ခံဘောတံတား ရေယာဉ်တို့ကိုပါ ထောက်ပံပေးထားပါကြောင်း၊ အသိပညာပေးရုပ်သံဇာတ်လမ်းများ၊ စာစောင် များနှင့် လက်တွေ့ဇာတ်တိုက် လေ့ကျင့်ခြင်းများကိုလည်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆောင်ရွက်ထားရှိပါကြောင်းနှင့်ကြုံတွေ့ရမည့် သဘာဝဘေးအန္တရာယ်များကိုလည်း သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ဝန်ကြီးဌာနများနှင့်ညှိနှိုင်းဆောင်ရွက်ရန် အသင့်ရှိ ကြောင်း၊ ယခုရက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုသည် အချိန်တိုအတွင်း အပျက်အစီး များပါကြောင်း၊ ပြန်လည်ထူထောင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထိုနောက် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဇွန်လ ဒုတိယပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဓိကဆည်ကြီး (၆)ခုတွင် ကန်ရေပြည့်အမှတ်များ ကျော်လွန်ပြီး မုန်းချောင်း၊ မန်းချောင်း၊မင်းတုန်းချောင်း၊ မဒေးချောင်းများ ရေကြီးမှုဖြစ်ပွားကာ မင်းဘူးနှင့် သရက်ခရိုင်အတွင်း ရှိကျေးရွာအချို့ရေကြီးနစ်မြုပ်ခဲ့ရကြောင်း၊ လမ်းများ၊ တံတားများ၊ လယ်ယာမြေများနှင့် စိုက်ပျိုးထားသော သီးနှံများပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် လူ(၅)ဦး အသက်ဆုံးရှုံးခဲ့ရကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ ဆက်လက်တင်ပြ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက် နေသည့် လုပ်ငန်များနှင့်ကြုံတွေရသော အခက်အခဲများကို အသီးသီးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ပါသည်။
မကွေးမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ပွင့်ဖြူမြို့နယ်၊ (မှရိုးကုန်း)ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ခေတ္တခိုလှုံနေသော ကမ်းပြိုဘေး ကြောင့် ရွှေ့ပြောင်းခဲ့ရသောသူများနှင့်တွေ့ဆုံပြီး အားပေးစကားပြောကြားကာ လက်တလော ပြောင်းရွှေ့နေရသော စုစုပေါင်းအိမ်ခြေ (၇၅)လုံးအတွက် အိမ်ထောင်တစ်စုလျှင် ကျပ်(၁သိန်း) နှုန်းနှင့် စားနပ်ရိက္ခာ ထောက်ပံငွေ(၆၃၈,၄၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုး (၈,၁၃၈,၄၀၀)ကျပ်ကို ထောက်ပံ့ပေးခဲ့ပြီး အားပေးစကားများပြောကြား၍ လက်တလော မြစ်ကမ်းပါးပြိုကျနေမှု အခြေအနေကို အနီးကပ်ကြည့်ရှုခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပွင့်ဖြုမြို့၊ ရွှေပန်းမြိုင်ဘုရားဓမ္မာရုံရှိ ယာယီရေဘေးခိုလှုံသူ အိမ်ထောင်စု (၂,၃၃၀)စုအတွက် လက်တလောစားသုံးရန် ရိက္ခာ ထောက်ပံ့ငွေ (၁၈,၄၂၉,၆၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူ ကြပါသည်။
ယခုလတ်တလောဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုကြောင့် မကွေးတိုင်းဒေသကြီး၊ ငဖဲ၊ ကံမ၊ စကု၊ မင်းတုန်း၊ ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်များတွင် လမ်း၊ တံတား၊ တာတမံ၊ လူနေအိမ် အဆောက်အဦ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့်လယ်ယာမြေ ပျက်စီးဆုံးရှုံးမှု ကနဦး ခန့်မှန်းတန်ဘိုးမှာ ကျပ်သိန်း (၂၂၇၂၀)ခန့်ရှိကြောင်း၊ ဆုံးရှုံးမှုစာရင်းများကို အတိအကျရရှိရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။