====================================================
မကွေးမြို့၊ ၁၅-၆-၂၀၁၈——
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့၊ မြို့ပေါ်ရပ်ကွက် (၃) ခုနှင့် ပတ်ဝန်းကျင်ကျေးရွာ (၈) ရွာမှ ယာယီရေဘေးခိုလှုံသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က စားနပ်ရိက္ခာ ထောက်ပံငွေများ လက်ဝယ်အရောက် ပေးအပ်ခဲ့ပါသည်။
၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေမှ စတင်ဖြစ်ပေါ်ခဲ့သည် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများသည် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်နေရာအချို့တွင် ဖြစ်ပွားခဲ့ပြီး အများဆုံးဖြစ်ပွားခဲ့သည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ နေရာဒေသများသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို အမြန်ဆုံး သွားရောက်ထောက်ပံ့လျက်ရှိရာ (၁၅-၆-၂၀၁၈) ရက်နေ့၊ မွန်းလွဲပိုင်းတွင် စကုမြို့ဂေါ်ဆွမ်းဓမ္မာရုံ၌ ယာယီ ရေဘေးခိုလှုံသူ (၄၀၁၅) ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၉,၀၆၁,၅၀၀) ကျပ်ကို ပြည်ထောင်စုဝန်ကြီးက ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပါသည်။
ဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ ဘေးသင့်ပြည်သူများအတွက် ထောက်ပံမှုများ ဆောင်ရွက်လျက်ရှိသည့်နည်းတူ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်း ပိုမိုအလေးပေးဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာအစိုးရအဖွဲ့များ၊ ဝန်ကြီးဌာနများနှင့် ပူပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။