ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန် ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိမှုအခြေအနေ

ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ၊ ဒေသခံလူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းညှိနှိုင်းကာ သတင်းများရယူစုဆောင်းခြင်း၊ ဝန်ကြီး ဌာန၏ မူဝါဒနှင့်အညီထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များ ဖြစ်စေရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိရာ-
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဘွဲ့ကျေးရွာ၌ (၁၂-၆-၂၀၁၈)နေ့တွင် တညောင်ချောင်း ရေတိုက်စား မှုကြောင့် နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၁) ဦးအား နီးစပ်ရာဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့ ပေးထားခြင်း၊ ငဖဲမြို့နယ်၊ ငဖဲမြို့မရပ်ကွက်နှင့် မန်းချောင်းရပ်ကွက်၌ (၁၃-၆-၂၀၁၈) နေ့တွင် ငဖဲချောင်းရေမြင့် တက်မှုကြောင့် နေအိမ် (၃၅) လုံး၊ အိမ်ထောင်စု (၃၅) စုမှ လူဦးရေ (၁၃၉) ဦးအား ဓါတ်တော် ဓမ္မာရုံ သို့ပြောင်းရွှေ့ပေးထားခြင်း၊ ပွင့်ဖြူမြို့နယ်၊ ကျေးရွာ (၁) ရွာနှင့် ရပ်ကွက် (၂) ခုတို့၌ (၁၃-၆-၂၀၁၈) နေ့တွင် မုန်းချောင်း ရေမြင့်တက်လာမှုကြောင့် အိမ်ထောင်စု (၁၈) စုမှ လူဦးရေ (၈၃) ဦးအား ပြောင်းရွှေ့ပေးထားခြင်း၊ စလင်းမြို့နယ်၊ ရှားတော (အနောက်)၊ ပေါင်းတူး (တောင်) နှင့် အမှတ် (၃) ရပ်ကွက်တို့၌ (၁၄-၆-၂၀၁၈) နေ့တွင် စလင်းချောင်းရေနှင့် လက်ပံကျင်းချောင်းရေများ တိုက်စားမှုကြောင့် အိမ်ထောင်စု (၉) စုမှ လူဦးရေ (၃၅) ဦးအား ဘေးလွတ်ကင်းရာနေရာသို့ ကြိုတင်ပြောင်းရွှေ့ပေးထားခြင်း၊ မင်းတုန်းမြို့နယ်၊ ထန်းလေးပင်ကျေးရွာနှင့် ချင်းနှစ် ကျေးရွာတို့၌ (၁၂-၆-၂၀၁၈) နေ့တွင် ချောင်းရေမြင့်တက်မှုကြောင့် မျောပါနေအိမ် (၄) လုံး၊ ပြောင်းရွှေ့နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၇) စုမှ လူဦးရေ(၂၇) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း သိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၌ (၁၂-၆-၂၀၁၈) နေ့တွင် ဆာရာဖော့ချောင်းရေတိုးလာမှုကြောင့် ဟုမ္မလင်းမြို့နယ်၊ မိုပိုင်းလွတ်မြို့၊ ရပ်ကွက် (၂) နှင့် လေရှီးမြို့နယ်၊ ဖိုင်လင်ကွတ်ကျေးရွာသို့ ဆက်သွယ်ထားသော သစ်သားကြိုး တံတားပျက်စီးသွားခြင်း၊ ဟုမ္မလင်းမြို့နယ်၌ (၁၃-၆-၂၀၁၈) နေ့တွင် ဟုမ္မလင်းမြို့ စက်လှေဆိပ်မှ ကောယား ကျေးရွာသို့ ပြေးဆွဲလျက်ရှိသော ရွှေစင်ဦးလိုင်းစက်လှေသည် ကမ်းနားလမ်းစက်လှေဆိပ်မှ ကောယားကျေးရွာသို့ ပြန်လည်ထွက်ခွာလာစဉ် ရေစီးအရှိန်ဖြင့် ဟုမ္မလင်းမြို့၊ ပြည်ခိုင်ဖြိုးပါတီရုံးဟောင်းဆိပ်ကမ်းတွင် ဖလက်ရေယာဉ် နှင့် ကုန်အမြန်ရေယာဉ်ကြီးများအောက်သို့ ဝင်ရောက်နစ်မြုပ်ခဲ့ရာ စက်လှေပေါ်ပါခရီးသည် (၂၉) ဦးအား ပြန်လည် ကယ်ဆယ်နိုင်ခဲ့ပြီး လူ (၁) ဦးသေဆုံးကာလူ (၃) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ အံတော်ကျေးရွာ၌ (၁၂-၆-၂၀၁၈) နေ့တွင် ချောင်းရေမြင့်တက်လာမှုကြောင့် နေအိမ် (၂) လုံးမျောပါသွားခဲ့ခြင်း၊ ဆိပ်ကြီးကျေးရွာ၌ ချောင်းရေတိုက်စားမှုကြောင့် လယ်သမားတာ ကွန်ကရစ် ရေတံခါးမျောပါသွားခြင်း၊ တောင်ကုတ်မြို့နယ်၌ (၁၂-၆-၂၀၁၈) နေ့တွင်တောင်ကုတ်မြို့မှ ပန်းတင်ကျွန်းသို့ မောင်းနှင်လာသည့် စက်လှေသည် ကုလားရောင်မြစ်အားဖြတ်ကူးစဉ် လှိုင်းလှေပြင်းထန်သောကြောင့် နစ်မြုပ်မှုဖြစ် ပွားခဲ့ရာ စက်လှေပေါ်ရှိလူ (၅) ဦးအနက် (၃) ဦးမှာ ကမ်းသို့ကူးခတ်နိုင်ခဲ့ပြီး (၂) ဦးမှာပျောက်ဆုံးလျက်ရှိကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ အမာမြို့နယ်၊ ကျေးရွာခွဲ (၄) ရွာတွင် (၁၂-၆-၂၀၁၈) နေ့၌ ပင်လယ်ရေမြင့် တက်လာပြီး ရေလှိုင်းများရိုက်ခတ်မှုကြောင့် နေအိမ် (၁၂) လုံး၊ အိမ်ထောင်စု (၁၂) စုမှ လူဦးရေ (၅၄) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ခြင်း၊ မြန်အောင်မြို့နယ်၊ ရိုးဖျားကျေးရွာ၌ (၁၃-၆-၂၀၁၈) နေ့တွင် မမြချောင်းရေမြင့် တက်မှု ကြောင့် ကြက်သွန်ခင်း-ကညွှတ်ကုန်းဖောက်ချောင်းတာဘောင်ကျိုးပေါက်ခဲ့သဖြင့် နေအိမ် (၃၆) လုံး၊ အိမ်ထောင်စု (၃၆) စုမှ လူဦးရေ (၁၁၃) ဦး၊ ယာယီပြောင်းရွှေ့ပေးထားကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာအုပ်စု၌ (၁၃-၆-၂၀၁၈) နေ့တွင် ဘီးလူးချောင်းမှ အင်းတိန် ချောင်းအတွင်းသို့ ပုံမှန်ထက်ရေများဝင်ရောက်မှုကြောင့် အင်းတိန်ကျေးရွာအုပ်စုရှိ စိုက်ခင်းအချို့ ပျက်စီး ခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဘေးဖြစ်သည့်ဒေသများသို့ သွားရောက်ထောက်ပံ့ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကျန်ရှိနေရာ များအား ထောက်ပံ့မှုများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Source: DDM

#ha_fld
#mgy_jun2018
#sgg_jun2018
#shn_jun2018
#ayy_jun2018
#rke_jun2018

Sign Up

Upcoming Events