ရခိုင်ပြည်နယ်တွင် ရေလမ်းခရီးဖြင့် ကျောင်းတက်ရသော ကျောင်းသား/ကျောင်းသူများအတွက် အသက်ကယ် အင်္ကျီများထောက်ပံ့

စစ်တွေ၊ ဇွန် ၁၃

ရခိုင်ပြည်နယ်သည် မြစ်ချောင်းများပေါများပြီး ရေလမ်းခရီးကိုအားထားရသော ပြည်နယ်ဖြစ်ပါသည်။ ရခိုင် ပြည်နယ်တွင် ရေလမ်းခရီးကိုအသုံးပြု၍ ကျောင်းတက် ကျောင်းဆင်း ပြုရသော ကျောင်းသား/ ကျောင်းသူများ ဘေးအန္တရာယ်ကင်းစွာကျောင်းတက် ကျောင်းဆင်းပြုလုပ်နိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အသက်ကယ်အင်္ကျီများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ရခိုင် ပြည်နယ်၊ စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ယနေ့ညနေပိုင်းတွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် သဘာဝဘေး၊ လူကြောင့် ဖြစ်သော ဘေး များအတွက်  ကြိုတင်ပြင်ဆင်ခြင်း၊ ဘေးဖြစ်ပွားပါကထိထိရောက်ရောက်တုန့်ပြန် ဆောင်ရွက်ခြင်း၊ ဘေးဖြစ်ပွားပြီး နောက် ထိရောက်သော ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကိုဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုံစံဖြင့် စနစ်တကျ ဆောင်ရွက် လျက်ရှိပါကြောင်း၊ထိုသို့ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ ဦးတည်ချက်များအနက် တစ်ချက်ဖြစ်သော တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ယခင်နှစ်များက ယခုလိုမိုးတွင်းအချိန်ကာလတွင် စက်လှေနစ်မြုပ်၍ ကျောင်းသားကျောင်းသူများ အသက်ဆုံးရှုံး ခဲ့ရသောဖြစ်စဉ်များ ဖြစ်ပွားဖူးပါကြောင်း၊ ထိုကြောင့် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အသက်ကယ်အင်္ကျီများ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ အသက်ကယ်အင်္ကျီဝတ်ဆင်၍ လှေစီးသည့်အလေ့အထကို ပုံမှန်အကျင့် တစ်ခုဖြစ် သည် အထိဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အစိုးရအနေဖြင့် ပြည်သူ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးရမည့် တာဝန်ရှိကြောင်း၊ ထို့ကြောင့် ဤကဲ့သို့ ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနတို့က ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် ရခိုင်ပြည်နယ်အတွင်းရှိ ရေလမ်းခရီးဖြင့် ကျောင်းတက် ကျောင်းဆင်းပြုလုပ်ရသော ကျောင်းသား၊ ကျောင်းသူ ၄၂၇၂ ဦးအတွက် အသက်ကယ်အင်္ကျီ ၄၂၇၂ ထည်အား ပြည်ထောင်စုဝန်ကြီးက ထောက်ပံ့ရာ ပြည်နယ်ပညာရေးမှူးကလက်ခံရယူပါသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက ကျေးဇူးတင်စကားပြန်လည်ပြောကြားရာ လိုအပ်နေသော အချိန်၌ ထောက်ပံ့ပေးသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ တကယ်လက်တွေ့အသုံးတည့်ပြီး အကျိုးရှိ သည့် ထောက်ပံ့မှုဖြစ်ပါကြောင်း၊ မှန်မှန်ကန်ကန် သုံးစွဲသွားရန် အရေးကြီးပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ သည် ပြည်နယ်၏အနာဂါတ်ဖြစ်ပါသဖြင့် လုံခြုံ စွာပညာသင်ကြားနိုင်ရန် အရေးကြီးပါကြောင်း၊ အခြားလိုအပ်ချက် များကိုလည်းသေချာစွာလေ့လာဆန်းစစ်မှုပြုလုပ်၍ ဆက်လက်ထောက်ပံ့ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့က အခမ်းအနားသို့ တက်ရောက်လာ သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိပါသည်။

#hl1

#rke_jun2018

Sign Up

Upcoming Events