စစ်တွေ၊ ဇွန် ၁၂
(၁၁-၆-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ် အောင်ဗလချောင်းဝ၊ သာစည် ကျေးရွာအနီး ပင်လယ်ကမ်းစပ်၌ ပျက်စီးနေသော စက်လှေတစ်စီးနှင့် အမျိုးသား (၄၄)ဦး၊ အမျိုးသမီး (၆၀)ဦး စုစုပေါင်း (၁၀၄)ဦးတို့အား စိစစ်တွေ့ရှိခဲ့ပြီး တာဝန်ရှိသူများက ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ ပို့ဆောင်ပေးခဲ့ရာ ညနေ ၅ နာရီ ၃၅ မိနစ်တွင် ရောက်ရှိခဲ့ပါသည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက စိစစ်မှုများပြုလုပ်ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယ ဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင်၊ အမှတ်(၁)နယ်ခြား စောင့်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်တိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ၊ မောင်တောခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှူးတို့နှင့် တာဝန်ရှိသူများ လိုက်ပါလျက် (၁၂-၆-၂၀၁၈)ရက်နေ့ ညနေပိုင်းတွင် ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ရောက်ရှိပြီး လှေစီးဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယခုလုပ်ငန်းစဉ်သည် ဒုက္ခရောက်နေသူများအား မည်သည့်ခွဲခြားမှုမျှမရှိဘဲ ကူညီခြင်း ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဟု ထွက်ဆိုသူများအား သံတမန်နည်းလမ်းဖြင့် လိုအပ်သောစီစဉ်ဆောင်ရွက်မှုများပြုလုပ်၍ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌ အမှန်တကယ်နေထိုင်ခဲ့ကြောင်း စိစစ်ပြီးသူများကို လည်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ဆွေမျိုးများထံသို့ ဆက်လက်ပို့ဆောင်ပေးမည်ဖြစ်ပါကြောင်း၊ စီစဉ်မှုများ ဆောင်ရွက် နေစဉ်ကာလအတွင်း စခန်းအတွင်း၌ စည်းကမ်းတကျ နေထိုင်၍ ပူးပေါင်းဆောင်ရွက်ပေးရန် လိုပါကြောင်း၊ အခက်အခဲများရှိလျှင် ပွင့်လင်းစွာ တင်ပြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ဆွေမျိုးများရှိသော လှေစီးဒုက္ခသည်များက ၎င်းတို့အနေဖြင့် ဆွေမျိုးများထံသို့ ဥပုဒ် ကာလမကုန်မီ(၁၆-၆-၂၀၁၈)ရက်နေ့ ပြန်လိုပါကြောင်း၊ ဆွေမျိုးမရှိသောသူများက ၎င်းတို့အတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးသွားမည်ကို သိရှိ လိုပါကြောင်း၊ လက်ရှိ စိစစ်စဲကာလတွင် စည်းကမ်းတကျနေထိုင်၍ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြန်လည်ပြောကြားခဲ့ကြပါ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော အဖွဲ့သည် ငါးခူရပြန်လည်လက်ခံရေးစခန်းတွင် တာဝန်ထမ်းဆောင်နေသော ဌာန ပေါင်းစုံမှ ဝန်ထမ်းများအားတွေ့ဆုံ၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများမှတင်ပြသော လိုအပ်ချက်များအား ညှိနှိုင်းဖြေရှင်းပေးခဲ့ပါသည်။
လှေစီးဒုက္ခသည်များအား စားသောက်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက တာဝန်ယူ ထောက်ပံ့လျက်ရှိပြီး လုံခြုံရေးအတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဆောင်ရွက်ပေးလျက်ရှိကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဟု ထွက်ဆိုထားသူများအား နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်း၍ သံတမန်နည်းလမ်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ တွင် နေထိုင်ခဲ့ဖူးသူများအား သေချာစွာစိစစ်၍ ၎င်းတို့၏ဆန္ဒအတိုင်း UEHRD အစီအစဉ်ဖြင့် ပြန်လည်နေရာချထားပေးသွားမည်ဖြစ်ပါသည်။ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) တို့ပူးပေါင်း၍ ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ပါသည်။ လူမှုဝန်ထမ်းဦးစီးဌာနမှ အဖွဲ့များစေလွှတ်၍ စိတ်လူမှုထောက်ပံ့ ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆေးပေးခန်းဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
#hl1_otr
#rke_jun2018
Source: MSWRR