
ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာဝန်ကြီးဌာန များ၊ တိုင်းဒေသကြီး/ ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ၊ ဒေသခံလူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းကာ သတင်းများရယူစုဆောင်းခြင်း၊ ဝန်ကြီးဌာန၏မူဝါဒနှင့်အညီ ထိရောက်သောဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များဖြစ်စေရေး တို့အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိရာ-
• မကွေးတိုင်းဒေသကြီးအတွင်း (၁၁-၆-၂၀၁၈)နေ့တွင် ပွင့်ဖြူမြို့နယ်၊ ချင်းကုန်းကျေးရွာ၌ သစ်ပင်ပိသဖြင့် နေအိမ်(၁)လုံး ပြိုကျပျက် စီးခဲ့ပြီး အိမ်ထောင်စု (၁)စုမှ လူဦးရေ(၆)ဦး ဘေးဒုက္ခကြုံတွေ့ ခဲ့ခြင်းနှင့် ရေပုတ်ကြီးကျေးရွာ၌ လူ(၁)ဦး ရေမျောပါ သေဆုံးခဲ့ခြင်း၊ မင်းဘူးမြို့နယ်၊ စကုမြို့၊ အမှတ်(၃)ရပ်ကွက်တွင်မန်းချောင်းရေ မြင့်တက်လာမှုကြောင့် နေအိမ်(၆)လုံး မျောပါသွားပြီး အိမ်ထောင်စု(၆)စုမှ လူဦးရေ(၁၈)ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကာ ကလေး(၁)ဦးသေဆုံးခဲ့ခြင်း၊ မင်းလှ မြို့နယ်၊ စစ္စနို့ကျေးရွာတွင် စစ္စနို့ချောင်းရေကျချိန် လမ်းဖြတ်ကူး ရာ၌ လူ(၁)ဦးမျောပါသေဆုံးခဲ့ခြင်း၊ (၁၂-၆-၂၀၁၈)နေ့တွင် ကံမမြို့နယ်၊ ကျေးရွာ အုပ်စု(၁၈)စု၊ ကျေးရွာ(၃၂)ရွာ၌ နေအိမ်(၁၈၀၀) ကျော်သို့ ရေဝင်ရောက်လျက်ရှိပြီး၊ အိမ်ခြေ(၉)လုံး မျောပါခဲ့ခြင်းနှင့် အိမ်ခြေ(၆၆၄)လုံး၊ အိမ်ထောင်စု(၆၈၁)စုမှ လူဦးရေ(၂၃၅၃)ဦးတို့ကို ဘေးလွတ်ရာ နေရာများသို့ ယာယီပြောင်းရွှေ့ ထားကြောင်း သိရှိရပါသည်။
• အလားတူ ဧရာဝတီတိုင်းဒေသကြီးအတွင်း (၁၁-၆-၂၀၁၈)နေ့၌ ကြံခင်းမြို့နယ်၊ ဘတ်ရဲမြို့၊ အနိမ့်ပိုင်းရပ်ကွက်(၂)ခုတွင် တောင်ကျရေ စီးဆင်းမှုကြောင့် အိမ်ခြေ(၆၀၀)ကျော်ခန့်ရေဝင်ရောက်ခဲ့ပြီး အိမ်ထောင်စု(၁၂၃)စုမှ လူဦးရေ(၃၀၅)ဦးအား ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် ရေလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးထားကာ ကျန်လူဦးရေများမှာ နီးစပ်ရာဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့နေထိုင် လျက်ရှိခြင်း၊ ကြံခင်း-ဘက်ရဲ ကားလမ်းမိုင်တိုင် (၅/၃)နှင့် (၅/၅)အကြား အင်းကောက်ကျေးရွာအနီး၌ ရေ(၂.၅)ပေခန့်ကျော်လျက်ရှိခြင်းနှင့် ကံဆယ်ကျေးရွာတွင် ရေသာယာချောင်းရေတိုက်စားမှုကြောင့် နေအိမ်(၁)လုံးပြိုကျခဲ့ပြီး အိမ်ထောင်စု(၁)စုမှ လူဦးရေ (၃)ဦးအား ဆွေမျိုး များ နေအိမ်သို့ ယာယီပြောင်းရွှေ့ပေးခဲ့ပါသည်။
• စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၁၁-၆-၂၀၁၈)နေ့၌ တမူးမြို့နယ်၊ ဈေးတန်း(၉)ရပ်ကွက်တွင် ရေဝင်ရောက်မှုကြောင့် အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၅)ဦးအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးထားခြင်း၊ (၁၁-၆-၂၀၁၈)နေ့တွင် တမူးမြို့နယ်၊ မြို့မ(၁၃)ရပ်ကွက် တွင် နန်းပါလော ချောင်းရေလျှံမှုကြောင့် နန်းပါလောချောင်းကူးတံတားမှာ ယာယီသွားလာမှုပြတ်တောက်မှု ဖြစ်ပွား ခဲ့ပါသည်။
• ပဲခူးတိုင်းဒေသကြီးအတွင်း (၁၁-၆-၂၀၁၈)နေ့မှ (၁၂-၆-၂၀၁၈)နေ့ထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်းတည်မြို့နယ်၊ မြို့ပေါ်(၇)ရပ်ကွက်ရှိ နေအိမ်(၁၄၀၀)ကျော်ခန့်နှင့် သဖန်းပင်ဆိပ် ကျေးရွာ၌ လူနေအိမ်(၁၁၀)လုံးခန့်၊ စုစုပေါင်းနေအိမ်(၁၅၀၀)ကျော်ခန့် ရေဝင်ရောက်လျက်ရှိခြင်း၊ ရန်ကုန်-ပြည် ကားလမ်းဘေး အ.ထ.ကကျောင်းရှေ့ အုတ်တံတိုင်း အမြင့်(၇)ပေ၊ အကျယ်(၇)ပေ၊ အခန်း(၅၀)၊ စုစုပေါင်း(၃၅၀)ပေ ပြိုကျခြင်းနှင့် ရန်ကုန်-ပြည် ကားလမ်း မိုင်တိုင်အမှတ် (၁၄၃/၂)မှ (၁၄၃/၇)ထိနှင့် မိုင်တိုင်အမှတ် (၁၄၅/၁)မှ (၁၄၅/၂)ထိ လမ်းမများပေါ်တွင် ရေကျော်လျက်ရှိပါ သည်။
• ရခိုင်ပြည်နယ်အတွင်း (၁၁-၆-၂၀၁၈)နေ့တွင် သံတွဲမြို့ရှိ မြေနိမ့်ပိုင်းရပ်ကွက် (၄)ခုနှင့် ညောင်ပင်ကွင်းကျေးရွာ၊ မောင်းဆွဲကျေးရွာ များသို့ ရေ(၄)ပေခန့်ရေဝင်ရောက်ခဲ့ပြီး ညောင်ပင်ကွင်း ကျေးရွာအနီး သံတွဲ-ဂွ ကားလမ်းပေါ်တွင် ရေအနည်းငယ်ကျော်လျက်ရှိခြင်းနှင့် သံတွဲချောင်းရေ ဝင်ရောက်မှုကြောင့် အိမ်ထောင်စု(၂၁)စုမှ လူဦးရေ(၇၉)ဦးအား ရွှေဆံတော်ဓမ္မာရုံ၌ ယာယီပြောင်းရွှေ့နေရာချထားပေးခဲ့ပါ သည်။
• အဆိုပါ ဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကယ်ဆယ်ရေး ပစ္စည်းများ၊ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် သေဆုံးသူများအတွက် ထောက်ပံ့ခြင်းများ ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်နှင့် မင်းလှမြို့နယ်များရှိ ဘေးသင့်ပြည်သူများအား (၁,၉၁၁,၈၇၁ိ/-)(ကျပ်တစ်ဆယ့်ကိုးသိန်း တစ်သောင်း တစ်ထောင်ရှစ်ရာခုနစ်ဆယ့်တစ်တိတိ)တန်ဖိုးရှိ ပစ္စည်းနှင့်ငွေများကို (၁၂-၆-၂၀၁၈) နေ့တွင် ထောက်ပံ့ခဲ့ပြီး ကျန်ရှိနေရာများအား ထောက်ပံ့ မှုများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
#ha_fld
#mgy_jun2018
#ayy_jun2018
#sgg_jun2018
#bgo_jun2018
#rke_jun2018
Source: DDM