ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ ထိရောက်သော စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်များဖြစ်စေရေး ဝန်ကြီးဌာနတွင်းအစည်းအ‌ဝေးပြုလုပ် လမ်းညွှန်မှာကြား

35239566_1251178441683841_2684201912567332864_n

================
နေပြည်တော်၊ ဇွန် ၁၁====================

ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ ထောက်ပံ့ ကူညီမှုလုပ်ငန်းများဆောင်ရွက်နေမှုအပေါ် ဝန်ကြီးဌာန၏မူဝါဒနှင့်အညီ ထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များဖြစ်စေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက ဝန်ကြီးဌာနတာဝန်ရှိသူများသို့ လမ်းညွှန်မှာကြားခဲ့ပြီး ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဒုတိယဝန်ကြီးဦးစိုးအောင်တို့သည် ဝန်ကြီးဌာနရှိ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ယခု ရက်ပိုင်းအတွင်း မြန်မာနိုင်ငံအနှံ့အပြား၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု များ ဖြစ်ပေါ်လျက်ရှိမှုအခြေအနေနှင့် ဆက်လက်ဖြစ်ပေါ်နိုင်သည့်အခြေအနေများ၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေး နေမှုအခြေအနေများ၊ သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေမှု အခြေအနေ များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းလမ်းညွှန်ခဲ့ပါသည်။

လတ်တလောကာလအတွင်း မြန်မာနိုင်ငံနေရာဒေသတော်တော်များများ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ မကွေးတိုင်းဒေသကြီးအတွင်း (၁၀-၆-၂၀၁၈)နေ့တွင် မင်းဘူးမြို့နယ်၊ လေးပင်ကျေးရွာ၊ လေးပင်ချောင်းရေကျော်တွင် ညပိုင်းအချိန်၌ ကားများ ဖြတ်ကူးရာ ကားတစင်းမျောပါခဲ့ခြင်း၊ (၁၁-၆-၂၀၁၈)နေ့တွင် စေတုတ္တရာမြို့နယ် ကူတော် ကျေးရွာနှင့် ထမင်းချက်ကျေးရွာကြား မိုင်တိုင်အမှတ်(၂၈/၆)အနီးရှိ ရေပြွန်ပျက်စီးမှုကြောင့် ကတ္တရာ လမ်းအကျယ်(၅၀)ပေခန့်ပျက်စီး၍ အနက်(၁၀)ပေခန့်ရှိ လမ်းပြတ်တောက်ခြင်း၊ ကျောက်ဖူးကျေးရွာ၊ ရေရှောင်လူသွားလမ်း(၄၀၀’ x ၆’ x ၉’)ပျက်စီးခြင်း၊ စေတုတ္တရာ-ဆော ခရိုင်ချင်းဆက်လမ်းပိုင်း နန်ကြူကျေးရွာအုပ်စု၊ ညောင်ပင်ကျင်းကျေးရွာနှင့် ရှိန်ကျေးရွာအနီး မြေပြိုကျမှုကြောင့် မိုင်တိုင် အမှတ်(၃၅/၁)နှင့် (၃၅/၂)အကြား (၁၀၀)ပေခန့်လမ်းပိတ်ဆို့မှုဖြစ်ပွားခြင်း၊ စေတုတ္တရာမြို့အဝင် ဆီမီးချောင်းတံတား ချဉ်းကပ်လမ်းတွင် ရေတိုက်စားခြင်း၊ လောက်ပုလဲကျေးရွာ အရှေ့ဘက် ဇီးချောင်းရေကာဆည် (၁၈၀)ပေခန့်၊ World Vision မှ ဆောင်ရွက်သည့်ရေကာဆည် (၁၈၀)ပေခန့်၊ ကမ္ဘာ့ဘဏ်မှဆောင်ရွက်သည့် ရေကာဆည်(၄၅၀)ပေခန့်ပျက်စီးခြင်း၊ ငဖဲမြို့နယ်၊ ဘုံဘောကျေးရွာ အုပ်စု ကားလမ်းဘေးနှင့် မြေခတ်ရွာလမ်းပြိုမှုဖြစ်ပွားပြီး လူသွားမရ၍ ခေတ္တလမ်းပိတ်ထားခြင်း၊ ပင်ဦးကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာ၊ ပဇီချောင်း ရေကာတာ(၂၂၀’ x ၈’ x ၁၆’)ပြိုကျပျက်စီး ခြင်း၊ ပန်းတိမ်ချောင်းရေမြင့်တက်မှုကြောင့် မြစ်ဖျားကျေးရွာအုပ်စု၊ မြစ်ဖျားကျေးရွာ၊ မန်းချောင်းကူး တံတား (၈၇၀’ x ၇’ x ၉’)မျောပါပျက်စီးခြင်း၊ မကွေး-နေပြည်တော် ကားလမ်း၊ မိုင်တိုင်အမှတ် (၆၇/၂)တွင် ရေကျော်နေခြင်းကြောင့် (၁၁-၆-၂၀၁၈)နေ့ (၀၂း၀၀)အချိန်ခန့်မှစ၍ ရန်ကုန်မှမကွေးသို့ ထွက်ခွာသည့်ခရီးသည်တင်ကားများ၊ ကိုယ်ပိုင်ကားများ (၁၀၀)ခန့် ပိတ်မိနေခြင်း၊ တောင်တွင်းကြီး မြို့နယ်၊ လျှံကန်ကြီးကုန်းကျေးရွာအုပ်စု၊ လှည်းပွဲကြီးကျေးရွာ အနောက်အိုင်ရိုး တစ်ဘက်ပိတ်ဆည် ရေထုတ်မြောင်း ပေ(၁၈၀)ခန့်ပျက်စီးခြင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီကျေးရွာအုပ်စု၊ အနောက်အင်ကုန်း ကျေးရွာ အနောက်အင်ကုန်းကျေးရွာတွင် မုန်းကမ်းပါးပြိုကျမှုကြောင့် အိမ်ခြေ(၆)လုံး၊ အိမ်ထောင်စု (၆)စုမှ လူဦးရေ(၃၄)ဦးပြောင်းရွှေ့ပေးခဲ့ခြင်း၊ ရေနံချောင်းမြို့နယ်၊ ဆုံတိုက်ရပ်ကွက်တွင် အမြင့်ပေ (၂၀)၊ လုံးပတ်(၁၅)ပေပတ်လည်ရှိ ကုက္ကိုပင်လဲကျပြီး နေအိမ်(၁)လုံး ပြိုကျပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့ပါသည်။

အလားတူရခိုင်ပြည်နယ်အတွင်း၌လည်း (၁၀-၆-၂၀၁၈)နေ့၌ အမ်းမြို့နယ်၊ အမ်းမြောက်အုပ်စု၊ ရွာသာရွာကျေးရွာအနီး ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင်အမှတ်၊ (၄/၆)မိုင်နှင့် (၄/၇)မိုင်ကြား၊ မိုင်တိုင်အမှတ်(၅/၃)နေရာနှင့် မဲလက်မောင်းအုပ်စု၊ ကြိမ်ချောင်းကျေးရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်း မိုင်တိုင်အမှတ်(၁၃/၂)မိုင်နှင့် (၁၃/၃)မိုင်အကြား ရေကျော်ခဲ့ရာ ခတ္တသွားလာ၍မရခဲ့ဘဲ (၁၀-၆-၂၀၁၈)နေ့ (၁၉း၄၀) အချိန်တွင် ရေများပြန်လည်ကျဆင်းသွားသဖြင့် မော်တော်ယာဉ်များ ပုံမှန် သွားလာလျက်ရှိကြောင်း၊ အမ်းမြို့နယ်၊ မွှားအုပ်စု၊ ပဒဲကြောကျေးရွာအနီး အမ်း-မအီကားလမ်း မိုင်တိုင်အမှတ်(၂၂/၅-၆)မိုင်ကြား ခန့်မှန်း မပည(FS-၀၈၄၅၈၂) နေရာတွင် မိုးသည်းထန်စွာရွာ သွန်းကာ တောင်ကျရေစီးဆင်းပြီး ကားလမ်းဘေး ရေတိုက်စားသဖြင့် ကားလမ်းပေ(၂၀)ခန့်ကျိုးပဲ့ ပျက်စီးသွားခြင်းကြောင့် လမ်းအထူးအဖွဲ့(၁၆)မှ ယာယီဘေလီတံတားဆောက်လုပ်နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိပြီး ယာယီဘေလီတံတား ဆောက်လုပ်ရန် (၂)ရက်ခန့်ကြာမြင့်မည် ဖြစ်ကြောင်း သိရှိရပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ရေကြီး ရေလျှံမှုများကြောင့် ထိခိုက်ခံစားရသည့် ပြည်သူများအတွက် ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိပြီး၊ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခြင်းများကို သက်ဆိုင်ရာဒေသတာဝန်ရှိသူများနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။

မကွေး-နေပြည်တော် ကားလမ်း၊ မိုင်တိုင်အမှတ် (၆၇/၂)တွင် ရေကျော်နေခြင်းကြောင့် ပိတ်မိလျက်ရှိသည့် ပြည်သူများအတွက် သောက်ရေနှင့်အသင့်စားမုန့်များကို မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးလျက်ရှိပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိ ဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနမှအချိန်နှင့်တပြေးညီထုတ်ပြန်လျက်ရှိသည့် နေ့စဉ်မိုးလေဝသသတင်းများ၊ ပြင်ပပညာရှင်ကြီးများ၏ မိုးလေဝသခန့်မှန်းချက်များ မြစ်ရေကြီးမှုအခြေ အနေသတင်းများကို စဉ်ဆက်မပြတ် လေ့လာ သုံးသပ်ခြင်း၊ သက်ဆိုင်ရာဒေသ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများ၊ ဆည်မြောင်းဦးစီးဌာနတို့နှင့် ညှိနှိုင်းချိတ်ဆက် သတင်းအချက်အလက်ရယူဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိပြီး ထောက်ပံ့ကူညီ မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Sign Up

Upcoming Events