နေပြည်တော်၊ ဇွန် ၅
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ၏ (၁/၂၀၁၈) ညှိနှိုင်းအစည်းအဝေးကို လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် (၉) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ထိုသို့ပြောကြားရာတွင် မသန်စွမ်းသူများကို မသန်သော်လည်း စွမ်းဆောင်နိုင်မည့်သူများဖြစ်စေရန် ပံ့ပိုး ကူညီရမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးတို့ကိုလည်း အပြည့်အဝဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ စနစ်တကျ လုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့်ဆောင်ရွက်ရာတွင် ရှိပြီးဖြစ်သော ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ မသန်စွမ်းသူများနှင့် ပံ့ပိုးကူညီသူအားလုံးသည် ဥပဒေ၊ နည်း ဥပဒေတို့ကို သဘောပေါက်နားလည်အောင် ပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လူမှုအဖွဲ့ အစည်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများကပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ယခုအခါ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၁၆-၂၀၂၅) ကိုလည်း ရေးဆွဲခဲ့ပြီးဖြစ်သဖြင့် မသန်စွမ်းသူများ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးမှုတို့ကို အကောင်အထည်ဖော်ပေးရန် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီကိုဖွဲ့စည်းပေးပြီးဖြစ် ကြောင်း၊ ထိုအမျိုးသားကော်မတီကလိုအပ်သောညွှန်ကြားချက်များထုတ်ပြန်နိုင်ရန် ဆွေးနွေးအကြံပြုချက်များဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဓိကအရေးကြီးသည်မှာ အမျိုးသားကော်မတီတွင် ပါဝင်သောမသန်စွမ်းသူများ အသင်းချုပ်နှင့် မသန်စွမ်းအရေး တက်ကြွစွာပါဝင်ဆောင်ရွက်နေသူများ၊ မသန်စွမ်းသူများ ကိုယ်တိုင်က မသန်စွမ်း သူများအတွက် အကောင်အထည်ဖော်ရမည့်လုပ်ငန်းစဉ်တို့ကို တင်ပြဆွေးနွေးပြီးယခု တက်ရောက်လာကြသော လုပ်ငန်းကော်မတီဝင်များက အမှန်တကယ် လက်တွေ့အခွင့်အရေးများ ရရှိခံစားစေရန်လုပ်ငန်းစဉ်များရေးဆွဲ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ မသန်စွမ်းသူများပံ့ပိုးမှုရရှိရေး၊ ပြန်လည်ထူထောင်ရေး၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များလေ့ကျင့်ပေးရေး၊ ပညာရေး၊ ပတ်ဝန်းကျင်တွင် သွားလာလှုပ်ရှားပါဝင်နိုင်အောင် အတားအဆီးကင်း သည့် ပတ်ဝန်းကျင် ဖန်တီးပေးရေးစသည်တို့ကိုစနစ်တကျဖော်ဆောင်ပေးရန်လိုအပ်ကြောင်း ပြောကြား ပါသည်။
ထို့နောက်တက်ရောက်လာကြသူများက လုပ်ငန်းကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ကော်မတီများဖွဲ့စည်းအတည်ပြုနိုင်ရေး၊ မသန်စွမ်းရန်ပုံငွေတစ်ရပ်ထူထောင်ရေး၊ မသန်စွမ်းသူများအား အချိုးကျ အလုပ်ခန့်ထားရရှိရေး၊ နိုင်ငံတော်အနေဖြင့် မသန်စွမ်းသူများအတွက် ကဏ္ဍအသီးသီးတွင် လိုအပ်ချက်များ ဖြည့်ဆည်းရန် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက လက်ရှိဥပဒေ၊ နည်းဥပဒေများအတိုင်းဆောင်ရွက်ပေးနိုင်ရေး စသည်တို့ကိုဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။
#hl1
#npw_jun2018