အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၆-၁-၂၀၁၆) ရက်နေ့၊ မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်နှင့် စီမံခန့်ခွဲမှုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့မှ တာဝန်ရှိသူများ၊ သဘာ၀ဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံအနေဖြင့် နေရာဒေသအလိုက် သဘာ၀ဘေးအန္တရာယ်လေ့လာသုံးသပ် ကြိုတင်ပြင်ဆင်စီမံထားပြီး မိမိဒေသ၏သဘာ၀ဘေးကို ကြံ့ကြံ့ခံနိုင်စွမ်းနှင့် တုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ထားရမည်ဖြစ်ကြောင်း။
၂၀၁၅ ခုနှစ်၊ မိုးရာသီကာလအတွင်းဖြစ်ပွားခဲ့သော ရေကြီး ရေလျှံမှု၊ မြေပြိုမှုများကို လက်တွေ့ရင်ဆိုင် တွေ့ကြုံခံစားခဲ့ကြရပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ကျက်ဖြေရှင်းဆောင်ရွက်ခဲ့ရသည့် ဘေးအန္တရာယ်တစ်ခုဖြစ်ခဲ့ကြောင်း။
ရေလွှမ်းမိုးမှုသဘာ၀ဘေးအန္တရာယ်ကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ခဲ့ကြမှုများ နှင့်ပတ်သက်၍ နိုင်ငံတကာဥပမာများကို လေ့လာနိုင်ပါကြောင်း၊ အမေရိကန်နိုင်ငံရှိ Tennessee မြစ်ဝှမ်းဒေသသည် မိုးရေချိန်မြင့်မားပြီး သစ်တောများ ပျက်စီးကာ သဘာဝပတ်ဝန်းကျင်ပျက်စီးနေသည့် မကြာခဏရေလွှမ်းမိုးရာဒေသဖြစ်ခဲ့ပါကြောင်း၊ ၁၉၃၃ ခုနှစ်တွင် အမေရိကန်ကွန်ဂရက်မှ Tennessee Valley Authority Act ပြဋ္ဌာန်းပြီး Tennessee Valley Authority (TVA) ကို ဖွဲ့စည်းကာ ရေလွှမ်းမိုးမှု ထိန်းချုပ်ရေး၊ ရေကြောင်းသွားလာမှုလွယ်ကူစေရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ရေရရှိရေး၊ ရေဆိုင်ရာသဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် လူထုအပန်းဖြေနိုင်စေရေး၊ သွင်ပြင်လက္ခဏာများပါဝင်သည့် မြစ်ဝှမ်းဘက်စုံဖွံ့ဖြိုးရေးစီမံခန့်ခွဲမှုကို တာတမံပေါင်း (၅၄) ခုဖြင့် တည်ဆောက်ခဲ့ပါကြောင်း။
ထိုကဲ့သို့ (TVA) ဖွဲ့စည်းခဲ့သဖြင့် ရေလွှမ်းမိုးမှုများကြောင့် ပျက်စီးဆုံးရှုံးရမည့်ပမာဏ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် သက်သာစေခဲ့ပြီး အခြားသောအကျိုးစီးပွားများ ဖြစ်ထွန်းစေခဲ့သဖြင့် တည်ဆောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုပမာဏထက် အကျိုး အမြတ်ရရှိမှုမှာ ၆ ဆခန့် ပိုမိုခဲ့ပါကြောင်း၊ ယနေ့ကာလတွင် Tennessee မြစ်ဝှမ်းဒေသသည် အမေရိကန်စီးပွားရေးဖွံ့ဖြိုးမှုအတွက် အားကောင်းသော စေ့ဆော်မှုပြုရာနေရာတစ်နေရာနှင့် ကမ္ဘာပေါ်တွင် ဘက်စုံတိုးတက်သည့် အသုံးဝင်ဆုံးသော ရေနှုတ်ဒေသတစ်ခုအဖြစ် နမူနာယူစရာ ဖြစ်လာခဲ့ပါကြောင်း။
ထို့အတူ တရုတ်နိုင်ငံ ယန်စီမြစ်ဝှမ်းဒေသသည် ယခင်က ရေလွှမ်းမိုးမှုပုံမှန်ဖြစ်လေ့ရှိသဖြင့် လူသန်းရာပေါင်းများစွာကို အိုးမဲ့အိမ်မဲ့ဖြစ်စေကာ လူမှုစီးပွားဘဝများ ပျက်စီးခဲ့ကြရပါကြောင်း၊ ၁၉၉၄ ခုနှစ်တွင် Yangtze River water conservancy commence ၀မြစ်ကျဉ်းသုံးသွယ် စီမံကိန်းကို ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ်တွင် Yangtze River စီးပွားရေးဇုန်၏ ဝင်ငွေသည် တရုတ်နိုင်ငံ GDP ၏ ၂၈ ရာခိုင်နှုန်း ရှိခဲ့ကြောင်း။
ထို့အပြင် ဩစတြေးလျ၊ ဂျာမနီ၊ ပြင်သစ်နှင့် နယ်သာလန်တို့ရှိ Murray – Darling Rhine, Maas နှင့် Scheldt မြစ်ဝှမ်းဒေသတို့တွင်လည်း၊ ရေလွှမ်းမိုးမှုနှင့် ဒီရေမုန်တိုင်းအန္တရာယ်တို့မှ ကာကွယ်နိုင်ရန် ရေလွှမ်းမိုးမှု ကာကွယ်ရေးစီမံကိန်းကြီးများ တည်ဆောက်ခြင်း၊ ရေသဘာဝပတ်ဝန်းကျင်အား ကာကွယ်နိုင်သော ဘက်စုံ ကုစားသည့် ကြိုးပမ်းမှုများ ဆောင်ရွက်ခြင်း၊ ဂေဟစနစ်ပျက်ယွင်းစေမှုကို ကာကွယ်သည့်လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အား အလေးထားလုပ်ဆောင်ခဲ့ကြကြောင်း။
မြန်မာနိုင်ငံတွင်လည်း ရေလွှမ်းမိုးမှုကာကွယ်ထိန်းချုပ်နိုင်ရန် အဓိကမြစ်ကြီးများတွင် ပြီးပြည့်စုံသည့် ဘက်စုံပါဝင်သော Water Basin စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးမှုအစီအမံများ ပြုလုပ်ခြင်း၊ ရာသီအလိုက် ရေစီးဆင်းမှုကို ထိန်းညှိနိုင်ရန် ရေထိန်းသိမ်းရေးအဖွဲ့များ ဖွဲ့စည်းပေးခြင်း၊ မြစ်ကြောင်းများအတွင် ရေကြီးမှုထိန်းချုပ်နိုင်မည့် တာတမံများ တည်ဆောက်ခြင်း၊ ပေါင်းစည်းမြစ်စီမံခန့်ခွဲမှုစနစ်များ တည်ဆောက်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကာကွယ်မှု အားကောင်းစေခြင်းတို့ကို ဆောင်ရွက်နိုင်ရန်အတွက် မြစ်ဝှမ်းဒေသ အာဏာပိုင်ဆိုင်ရာ ဖွဲ့စည်းမှုဥပဒေများ ရေးဆွဲပြီး ဥပဒေနှင့်အညီ မြစ်ဝှမ်းဒေသ အာဏာပိုင်အဖွဲ့အား ဖွဲ့စည်းနိုင်ရေး လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ချမှတ်ထားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက သဘာ၀ဘေးကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က မြန်မာနိုင်ငံအတွင်း သဘာ၀ဘေးအန္တရာယ်ကြုံတွေ့ခဲ့မှု၊ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦဝဏ္ဏမောင်လွင်က သဘာ၀ဘေးဒဏ်သင့်ဒေသများ အမြန်ပြန် လည်ထူထောင်ရေးအတွက် နိုင်ငံတကာမှ နည်းပညာနှင့် အကူအညီ အထောက်အပံ့ များ ရရှိရေး နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့မှုအခြေအနေများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က သဘာ၀ဘေးဒဏ်သင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အကြံပေးအဖွဲ့အတွင်းရေးမှူး ဒေါက်တာဇော်ဦးက ရေကြီး ရေလျှံမှုနှင့် မြေပြိုမှုများ၊ ဇုန် လိုအပ်ချက်များ ဆန်းစစ်ချက်အစီရင်ခံစာ ရေးဆွဲခဲ့မှုနှင့် ရေရှည်တည်တံ့သည့် ပြန်လည်ထူထောင်ရေးဆိုင်ရာ မူဘောင်တစ်ရပ်ရေးဆွဲရန် ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒုတိယ ဝန်ကြီးဦးဘုန်းဆွေက ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု၊ ဘေးဒဏ်သင့်ပြည်သူများ၏ လူမှုစီးပွားဘ၀ မူလအခြေအနေထက်သာလွန်ကောင်းမွန်အောင် ကူညီထောက်ပံ့ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့မှု အခြေအနေများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က အမျိုးသားသဘာ၀ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေထိန်းသိမ်းရေးအခြေအနေများကိုလည်းကောင်း၊ စီမံခန့်ခွဲမှု ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများက ဒေသနှင့် ပြည်နယ်အလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတက တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံသည် ၂၀၁၆ ခုနှစ်အတွင်း အဆိုးရွားဆုံးသော ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် အယ်လ်နိညို ရာသီဥတုကြောင့် အလွန်အမင်း မိုးခေါင်ခြင်း၊ ရေကြီးခြင်းတို့ ဖြစ်ပေါ်နိုင်ပါကြောင်း၊ နောက်ဆက်တွဲ ပြဿနာများအဖြစ် အစာရေစာ ရှားပါးပြတ်လပ်ခြင်း၊ ရောဂါဘယများကျရောက်ခြင်း၊ အပူရှိန်လွန်ကဲ၍ တောမီးလောင်ခြင်းစသော ပြဿနာများနှင့် ရင်ဆိုင်ရလေ့ရှိကြောင်း၊ ၁၉၉၇-၁၉၉၈ ခုနှစ် အယ်လ်နီညိုရာသီဥတုကြောင့် မြို့ကြီး ၁၈ မြို့၌ အပူချိန်အမြင့်ဆုံး စံချိန်သစ်များတင်ခဲ့ပြီး မြို့ကြီး ၁၅ မြို့တွင် မိုးရေချိန်အနည်းဆုံးစံချိန်သစ်များ တင်ခဲ့မှုကို သမိုင်းမှတ်တမ်းများအရ သိရှိရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အယ်လ်နိညို ကာကွယ်ရေးအစီအမံများ စနစ်တကျ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း ပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။