ဇွန် ၃ ၊ ရန်ကုန်
မေရီချက်ပ်မင်းနားမကြားသော ကလေးများကျောင်း၊ ငါးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်တွင် ယနေ့နံနက်ပိုင်း၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက “အစိုးရအနေဖြင့် ပြည်သူ့လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနေပြီး ပြည်သူများကိုယ်တိုင်ကလည်း ပူးပေါင်းပါဝင်လျက်ရှိပါကြောင်း၊ လူတိုင်းအခြေခံလူ့အခွင့်အရေး ရရှိရန်၊ မသန်စွမ်းသူများအတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စောင့်ရှောက်မှုများရရှိနေပြီဖြစ်ပါကြောင်း၊ ကလေး သူငယ်များ၏ အခွင့်အရေးများဖြစ်သော အသက်ရှင်ခွင့်၊ စောင့်ရှောက်ခံပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် ပါဝင်ခွင့်မျာ ရရှိ ရေးအတွက်ကိုလည်း မသန်စွမ်းကလေးငယ်များရရှိရန် ဥပဒေနှင့်အညီ အမျိုးသားကော်မတီဖွဲ့စည်း၍ အကောင် အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ ခန္ဓာကိုယ်ကြီးထွားမှုနှင့် ဦးနှောက်ဖွံ့ဖြိုးမှုများအတွက် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် ဖွံ့ဖြိုးမှုနှေးကွေးခြင်း၊ ဖွံ့ဖြိုးမှု ပုံမှန် မဖြစ်ခြင်းစသည်တို့ကို စောစီးစွာသိရှိပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပြုပြင်ပေးနိုင်ရန် Early Childhood Intervention (ECI) ကို ဆောင်ရွက်လျက်ရှိသဖြင့် မသန်စွမ်းမှုကို လျော့ချနိုင်ပါကြောင်း၊ အကြားအာရုံချို့ယွင်းသော်လည်း စွမ်းဆောင်နိုင်သူ များဖြစ်စေရေးကိုယခုကဲ့သို့ ကူညီထောက်ပံ့မှုပေးခြင်းအတွက် ကျေးဇူးတင်ဂုဏ်ယူပါကြောင်းနှင့် အစိုးရအနေဖြင့်လည်း ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း” ဖြင့် ပြောကြားပါသည်။
ထို့နောက် တာဝန်ရှိသူများက မုဒိတာစကားအသီးသီးပြောကြားကြ၍ အသစ်ဆောက်လုပ်လှူဒါန်းထားသော ငါးထပ်ကျောင်းဆောင်သစ်ကို အလှူရှင်နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ကျောင်းဆောင်သစ်ကိုလှည့်လည်ကြည့်ရှု ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြပြီး အလှူရှင်မှာ မေရီချက်ပ်မင်းကျောင်းသူဟောင်း ဒေါ်ခင်ခင်စုဖြစ်ကြောင်း၊ ယခုအခါ ငါးထပ်ကျောင်းဆောင်သစ်ကိုအသုံးပြု၍ နားမကြားသော ကလေးငယ်များကို နည်းပညာအထောက်အကူဖြင့် စာပေ သင်ကြားခြင်း၊ စကားပြောနိုင်ရန် လေ့ကျင့်ပေးခြင်း၊ အသက်မွေးဝမ်းကြောင်း ပညာရပ်များ သင်ကြားလေ့ကျင့်ပေးခြင်း တို့ကိုတိုးချဲ့၍ ထိရောက်စွာဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
#hl1
#ygn_jun2018