စစ်တွေ မေ ၃၀
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးကမိမိတို့ကော်မတီတွင် နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးဟူ၍လုပ်ငန်းတာဝန် နှစ်ရပ်ပါဝင်ပါကြောင်း၊ ပြည်တွင်းနေရပ် စွန့်ခွာသူများနှင့် ပြည်ပသို့နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာပါက ပြန်လည်နေရာချထားရေး ကိုဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ အား ရှင်းရှင်းလင်းလင်းဥပဒေနှင့်အညီဖြစ်အောင် လုပ်ဆောင်ပေးရန်လိုအပ်ပြီး မီဒီယာများကိုလည်းရှင်း လင်းပြသပေးရန်လိုမည်ဖြစ်ကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသွားကြသော ရခိုင်တိုင်းရင်းသားများ၊ တိုင်းရင်းသားမျိုးနွယ်စုငယ်များ၊ ဟိန္ဒူဘာသာဝင်များနှင့် အခြားပြည်နယ်နှင့်တိုင်းများသို့ နေရပ်စွန့်ခွာသွား သူများလည်းရှိရာပြန်လည်နေရာချထားရန် စီစဉ်ခဲ့ပြီးဖြစ်ကြောင်း၊ လိုအပ်ချက်များကိုဌာနဆိုင်ရာအလိုက် ပူးပေါင်ဖြည့်ဆည်းဆောင်ရွက်လိုကြောင်း၊ ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာသွားသူများကိုလည်း ပြန်လည် နေရာချထားရာတွင် နှစ်နိုင်ငံသဘောတူညီချက်ပါ အချက်များအတိုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခုလက်ရှိဝင်ရောက်လာသူ (၆၂) ဦးကို ပြန်လည်နေရာချထားရေး အစီအစဉ်များစီမံဆောင်ရွက် ပေးလျက်ရှိရာ လုံခြုံရေးသည် အရေးကြီးသဖြင့် စနစ်တကျဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၎င်းတို့အား မိမိတို့နေရပ်တွင်ပုံမှန်အတိုင်း ပြန်လည်လုပ်ကိုင်စားသောက်နေထိုင်နိုင်စေရန် တစ်ဦးချင်းကို ဆွေးနွေး ညှိနှိုင်း၍ စီစဉ်ဆောင်ရွက်ပေးပြီးပြန်လည်နေရာချ ထားရေးလုပ်ငန်းစဉ်များအား နားလည်သည် အထိ ရှင်းပြဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊တစ်ဖက်နိုင်ငံတွင် မိသားစုကျန်ရစ်ခဲ့သူများကို သံတမန်နည်း လမ်းဖြင့်ဆက်သွယ်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နေအိမ်ရှိသူများကိုစနစ်တကျ မှတ်တမ်းတင်စိစစ်ပြီးပါက ၎င်းတို့မိသားစုဝင်များထံ အပ်နှံပေးမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ယခုအခါ လုံခြုံရေးနှင့်ပတ်သက်၍ နယ်စပ်ခြံစည်းရိုးများလုံခြုံရေးကို လည်းပိုမိုအလေးထားဆောင်ရွက်နေပြီဖြစ်ပါ ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနအနေဖြင့် ဝင်ရောက်လာသူများကို၎င်းတို့၏ဆန္ဒအရ NV ကတ်များ လုပ်ဆောင်ပေးပြီးဥပဒေအရနိုင်ငံသားဖြစ်မှု လျှောက်ထားစေပါကြောင်းမိမိတို့ ဝန်ကြီးဌာနအနေဖြင့် လည်းလိုအပ်သော ပစ္စည်းများထောက်ပံ့ခြင်း၊ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုပေးခြင်း၊ မိသားစုနှင့် ပြန်လည် ပေါင်းစည်းမိစေရန် ဆက်သွယ်ပေးခြင်း၊ နောက်ဆက်တွဲစောင့်ရှောက်မှုပေးခြင်း၊ ဖြစ်ရပ်စီမံခန့်ခွဲပေးခြင်း၊ ကိုယ်ဝန်ဆောင်ထောက်ပံ့ကြေးပေးခြင်း၊ သက်ကြီးဘိုးဘွားများရှိပါက လူမှုရေးပင်စင်ရရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ နေအိမ်မီးလောင်သူများအား ပြန်လည်နေရာချထားရာတွင် ပြန်လည် စိစစ်၍ ၎င်းတို့လုပ်အားဖြင့် အစိုးရကငွေပံ့ပိုးကာ (Cash for Work) အစီအစဉ်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံသဘောတူစာချုပ်တွင်ပါရှိသည့်အတိုင်း ၎င်းတို့နေထိုင်ခဲ့သည့် နေရာနှင့် အနီးစပ်ဆုံးနေရာများတွင် ပြန်လည်နေရာချထားပေးမည်ဖြစ်ကြောင်း၊၎င်းတို့အား ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေရန်နှင့် စည်းကမ်းတကျနေထိုင်နိုင်ရေးနှင့် လုပ်ငန်းများအဆင်ပြေချောမွေ့စေရန် အတွက် ယခုတက်ရောက်လာသူများက တကယ့်လက်တွေ့အကောင်အထည်ဖော်ကြရမည့် လုပ်ငန်းကော်မတီဝင် များဖြစ်၍ ရေရှည်ကိုမျှော်တွေးကာ စိတ်ရှည်သည်းခံမှုဖြင့်လည်းကောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် လည်းကောင်း၊ တရားဥပဒေနှင့်အညီသာ ဆောင်ရွက်ကြရန် တိုက်တွန်းစကား ပြောကြားခဲ့ ပါသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက ပြန်လည်နေရာချထားရေးဆောင်ရွက်ပေးရာတွင် အနာဂါတ်နှင့်ရေရှည်အတွက် အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပေးရန် မေတ္တာရပ်ခံလိုပါကြောင်း၊ ကြုံတွေ့လာမည့်အခက်အခဲများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးရန်နှင့် လိုအပ်ချက်များကို ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန်နှင့် ကော်မတီအတွင်း ဆွေးနွေးအကြံပြုချက်များကိုပူးပေါင်းလုပ်ကိုင်ပေးရန် ပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာကြသော ဌာန ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါလာသော ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန်သည် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှူး၊ ပြည်နယ်ပညာရေး ညွှန်ကြား ရေးမှူးတို့နှင့်အတူ စစ်တွေမြို့နယ် သာယာကုန်းကျေးရွာနှင့် သင်္ဂနက်ကျေးရွာများသို့သွားရောက်၍ ရခိုင် တိုင်းရင်းသားများ၊ ကမန်တိုင်းရင်းသားများနှင့်တွေ့ဆုံကာ လူမှုရေးဆိုင်ရာ အခက်အခဲများကို တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ကျောင်းအပ်နှံရေး အဆင်ပြေစွာဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ဆရာ၊ ဆရာမများ လုံလောက်စွာခန့်ထားနိုင်ရေးကိစ္စရပ်များ၊ စာသင်ဆောင်များ၊ ကျောင်းသုံးပရိဘောဂများ ဖြည့်ဆည်း ပေးနိုင်ရေးကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ကျေးရွာသူကျေးရွာသားများ၊ ကျောင်းသား မိဘများကတင်ပြကြရာ ဝန်ကြီးဌာနကဖော်ဆောင်လျက်ရှိသော ရခိုင်ပြည်နယ်လူမှုစီးပွားဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းကော်မတီအနေဖြင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည် ဆွေးနွေး ခဲ့ပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
ထို့အပြင် ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မောင်တောမြို့ပေါ်ရှိ ဟိန္ဒူကယ်ဆယ်ရေးစခန်းပြုပြင်နိုင်ရန် ဝါးအလုံး (၁၂၀၀) အတွက် တန်ဖိုးငွေ (၄၈၀၀၀၀) ကျပ်အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#rke_may2018