ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မောင်တောမြို့နယ်၊ လှဖိုးခေါင်ကြားစခန်းရှိ မိမိသဘောဆန္ဒဖြင့် ပြန်လည်ဝင်ရောက်လာသူ များအား သွားရောက်တွေ့ဆုံမှုသတင်း

30_Pic_01
စစ်တွေ မေ ၂၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ဦးကျော်လင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ အမြန်ရေယာဉ်ဖြင့် ထွက်ခွာခဲ့ကြပြီး ထိုမှတဆင့် မော်တော်ယာဉ်ဖြင့် မောင်တောမြို့နယ်ရှိ လှဖိုးခေါင်ကြားစခန်းသို့ရောက်ရှိပြီး တဖက်နိုင်ငံမှ မိမိသဘောဆန္ဒဖြင့်  ပြန်လည်ဝင်ရောက် လာသူများအား သွားရောက်တွေ့ဆုံခဲ့ကြပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဝင်ရောက်လာသူများကို စနစ်တကျလက်ခံခြင်း ပြုလုပ်ထားခြင်းဖြစ်ကြောင်း၊ ပြန်လည် နေရာချထားရေးအစီအစဉ်ကိုလည်း နှစ်နိုင်ငံသဘောတူညီချက်တွင်ပါရှိသည့်အတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုပြန်လည် ဝင်ရောက်လာသူများတွင် မိမိတို့ နေအိမ်များ မူလနေရာများတွင် ရှိပြီးဖြစ်သူများကို မိမိတို့ မူလနေထိုင်ရာရွာရှိ နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်ကြောင်း၊ မိမိတို့နေအိမ်များ မီးလောင်ပျက်စီးခဲ့သူများအတွက် မူလနေရာ(သို့မဟုတ်) အနီးဆုံးတွင် ပြန်လည် ဆောက်လုပ်ပေးမည့်နေအိမ်များတွင် ပြန်လည်နေထိုင်ရမည်ဖြစ်ပြီး Cash for work အစီအစဉ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြန်လည်ဝင်ရောက်လာကြသူများကို အစိုးရက စနစ်တကျ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးထားခြင်းဖြစ်၍ မိမိတို့ကလည်း မြန်မာပြည်၌ နေထိုင်ရာတွင် နိုင်ငံအပေါ် သစ္စာရှိဖို့လိုကြောင်း၊ စည်းကမ်း ဥပဒေများကို လိုက်နာရန်လိုအပ်ကြောင်း၊ မြန်မာစာ မြန်မာစကားကို တတ်မြောက်အောင်သင်ကြားခြင်းဖြင့် အချင်းချင်း ဆက်ဆံရာတွင် ပိုမို ကောင်း မွန် ပြီး သဘောပေါက်နားလည်က လိုက်နာပူးပေါင်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ယခုပြန်လည်ဝင်ရောက်လာသူအားလုံးသည် နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ်၏ အစဖြစ်သော NV ကတ် ကိုင်ဆောင်ခြင်းကို မိမိတို့သဘောအလျောက် ဆောင်ရွက်ခဲ့ကြ၍ နိုင်ငံသားစိစစ်မှုခံယူရန် လျှောက်လွှာများကို လည်း အားလုံးဖြည့်ပြီး လျှောက်ထားကြသည်ကို သိရကြောင်း၊  အထောက်အထားတင်ပြချက်များအရ နိုင်ငံသားစိစစ်မှုများကို လျန်မြန်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ NV ကတ်ကိုင်ဆောင်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ မိမိတို့ လိုက်နာရမည့် တာဝန်များကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းထားပြီးဖြစ်သည်ကို သိရှိရကြောင်း၊ လတ်တလော အဆင်ပြေရုံသာမက ရေရှည်တွင် သဟဇာတဖြစ်အောင် ပူးပေါင်း ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေးအလုပ်အကိုင် အခွင့်အလမ်းတို့ကို လက်လှမ်းမီအောင် ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အလုပ်အကိုင်နှင့် နေရာချထားမှုများအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့၏ ဆန္ဒသဘောထားများကို ပွင့်ပွင့်လင်းလင်း ပြောကြားစေလိုကြောင်း၊ ယခုကြားစခန်းတွင် လုံလုံခြုံခြုံ နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ စခန်းတာဝန် ရှိသူများအား အကြောင်းကြား အသိပေးခြင်းမရှိဘဲ မည်သည့်ကိစ္စတစ်စုံတစ်ရာမျှ မလုပ်စေလိုကြောင်း၊ တစ်ဖက်နိုင်ငံတွင် ကျန်ရှိခဲ့သည့် မိသားစုနှင့် ဆက်သွယ်နိုင်ရန်အတွက်လည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များကို စစ်ဆေးခြင်း၊ မိသားစုအလိုက် အခက် အခဲများအား ဖြေရှင်း ဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များကို ပူးပေါင်းဖြေရှင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1_otr
#rke_may2018
Source:    MSWRR

Sign Up

Upcoming Events