ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသစ် မကြာခင် အတည်ပြုပြဌာန်းနိုင်တော့မည်ဖြစ်ကြောင်း နေပြည်တော်၌ ကျင်းပပြုလုပ်သည့် အမျိုးသားအဆင့် ကလေးသူငယ်များတွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး ထည့်သွင်းပြောကြား

နေပြည်တော်၊၂၆-၅-၂၀၁၈
ကလေးသူငယ်များသည် အနာဂတ်တွင်လူကြီးများအဖြစ် နိုင်ငံတာဝန်အသီးသီးကို ပုခုံးပြောင်း ထမ်းဆောင်ကြမှာဖြစ်ပြီး ယခုလိုငယ်ရွယ်စဉ်ကတည်းက ၎င်းတို့နှင့်သက်ဆိုင်သော အခွင့်အရေးများကို သိရှိနားလည်ထားပြီး ရရှိခံစားကြရဖို့လိုပါကြောင်း၊ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ကလေးသူငယ်အခွင့် အရေးဆိုင်ရာ (UNCRC) အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကလေးသူငယ်များ၏အခွင့်အရေးများကို ဖေါ်ဆောင်ပေးလျက်ရှိရာတွင် ပထမဦးစွာဥပဒေ၊ နည်းဥပဒေများချမှတ်ပြဌာန်းကာ အမျိုးသားကော်မတီ ကိုဖွဲ့စည်းပြီး အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရေး အခွင့်အရေး (၄) ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုး တိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့် တို့ကို အကောင် အထည်ဖေါ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဆိုပါအခွင့်အရေးများကို နိုင်ငံတော်အနေဖြင့် မည်မျှအကောင် အထည်ဖေါ်ပြီးသည်ကို အမြဲဆန်းစစ်နေရမည်ဖြစ်ပြီး ရှင်သန်ခွင့်အနေဖြင့့် ပဋိသန္ဓေနေစမှစတင်၍ အကျုံး ဝင်ပါကြောင်း၊ မိဘမရှိပဲမွေးဖွားလာသောကလေးမရှိပါကြောင်း၊ ၎င်းတို့မစောင့်ရှောက်မှု ကြောင့်သာ ရင်ခွင်မဲ့ကလေးများအဖြစ်သ့ို ရောက်ရှိလာသည့်အတွက် နိုင်ငံတော်အနေဖြင့် ရင်ခွင်မဲ့ကလေးများ မဖြစ်စေရေး၊ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကိုလူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ခွင့်အနေဖြင့် ကလေးတစ်ယောက်သည် နည်းမှန်လမ်းမှန်ဖြင့် ဖွံ့ဖြိုးတိုး တက်ရန်လိုအပ်ပြီး နိုင်ငံတော်အနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာများ ချမှတ်ဖေါ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသည်၊ ပုံမှန်ဖြစ်သည်ကို တိုင်းတာ၍ အချိန်မီပြုစု ကုသမှု ပေးခြင်း( Early Childhood Intervention – ECI ) ကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ စောင့်ရှောက် ခံပိုင်ခွင့်အနေဖြင့် ကလေးသူငယ်များအကြမ်းဖက်ခံရခြင်း၊ အလွဲသုံးစားခံရခြင်း၊ လစ်လျူရှုခံရခြင်း စသည် များမှ ကာကွယ်စောင့်ရှောက်ပေးခြင်းဖြစ်ပြီး တရားဥပဒေစိုးမိုးရေးကဏ္ဍသည် အရေးတကြီးလိုအပ်ပါ ကြောင်း၊ ပါဝင်ခွင့်အနေဖြင့် ယနေ့ပြုလုပ်သောအမျိုးသားအဆင့်ကလေးသူငယ်တွေ့ဆုံပွဲသည် ပါဝင်ခွင့်ကို အကောင်အထည်ဖေါ်ပေးခြင်းဖြစ်ပြီး၊ အလားတူမိသားစုအတွင်းပါဝင်ခွင့်၊ ပတ်ဝန်းကျင်တွင်ပါဝင် ခွင့်မှ သည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာဖို့အတွက် ပြည်ထောင်စုအတွင်းရှိ ကလေးသူငယ် အားလုံးပြည်ထောင်စုစိတ်ဓါတ်၊ ပူးပေါင်းပါဝင်ဆောင်ရွက်လိုသောစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် ခွင့်ရဖို့လိုကြောင်း၊ ဖေါ်ပြပါအခွင့်အရေးများအပြည့်အဝရရှိနိုင်ရန် နိုင်ငံတော်မှ တာဝန်ယူဆောင်ရွက် လျက်ရှိသလို အားလုံးမှာလည်းတာဝန်ရှိပြီးစုပေါင်းဆောင်ရွက်ကြခြင်းဖြင့် ငြိမ်းချမ်းသောဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့ (၂၆-၅-၂၀၁၈) ရက် နေ့တွင် နေပြည်တော်၊ Horizon Lake View Hotel တွင်ကျင်းပပြုလုပ်သည့် အမျိုးသားအဆင့်ကလေး သူငယ်များတွေ့ဆုံပွဲတွင် အဖွင့်အမှာစကားပြောကြားပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယ ဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ကလေးသူငယ် (၁၅၀) ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၅၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး ကလေးသူငယ်များ၏ တင်ပြချက်များ၊ အမြင်များအပေါ် ဆွေးနွေးဖလှယ်ခြင်း၊ကလေးသူငယ်များမှ အခွင့်အရေးဆိုင်ရာ သရုပ်ဖေါ်တင်ဆက်ခြင်းများကိုပြုလုပ်ခဲ့ ကြပါသည်။ ယခုအခါ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေအသစ် ပြဌာန်းနိုင်ရန် ပြည့်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်မှုအဆင့်သို့ ရောက်ရှိပြီးမကြာမီ ပြဌာန်းနိုင်တော့မည်ဖြစ်၍ ကလေးသူငယ်များ၏ အခွင့်အရေးများကိုပိုမိုပြည့်ဝစွာ ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါ သည်။

#hl1
#npw_may2018

Sign Up

Upcoming Events