တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ အိမ်မိုးသွပ်ပြား (၂၀၀၀၀၀)ချပ် လှူဒါန်းမှုအခြေအနေ

(၂-၉-၂၀၁၅)မှ (၄-၉-၂၀၁၅)အထိ နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း ကူမင်းမြို့၌ ခေတ္တနားခိုစဉ်တွင် ယူနန်ပြည်နယ်ပါတီ အတွင်းရေးမှူး Mr.Li Ji Heng နှင့်တွေ့ဆုံခဲ့ရာ မြန်မာနိုင်ငံ၏ ရေဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် နေအိမ်များအတွက် အခင်းနှင့်အကာကို သစ်ဖြင့် ဆောက်လုပ်နိုင် သော်လည်း အမိုးအတွက်သွပ်ပြားလိုအပ်ပါကြောင်း၊နေအိမ်(၅၀၀၀)လုံးအတွက်သွပ်ပြား(၂၀၀၀၀၀)ချပ် လိုအပ်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ဆောက်လုပ်မည့်နေအိမ်များအတွက် ဆားငန်ရေဒဏ်ခံနိုင်မည့် အလူမီနီယံဇင့်သွပ်ပြားများ လိုအပ်ပါကြောင်း၊ ယင်းလိုအပ်သောအိမ်မိုး သွပ်များအတွက် ယူနန်ပြည်နယ်အစိုးရမှ တတ်နိုင်သလောက်လှူဒါန်းပေးပါရန် ဆွေးနွေးခဲ့ပါသည်။

ထိုဆွေးနွေးချက်အရ မြန်မာနိုင်ငံအတွက် လိုအပ်သည့်သွပ်ပြားအမျိုးအစား၊ အရွယ်အစားနှင့် အရေအတွက်တို့ကို ယူနန်ပြည်နယ်၊ နိုင်ငံတကာရေးရာပူးပေါင်းဆောင်ရွက်ရေးရုံးမှ ဆက်သွယ် မေးမြန်းလာမှုအပေါ် မြန်မာနိုင်ငံအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသည် မြန်မာနိုင်ငံအတွက် လိုအပ်လျက်ရှိသည့် သွပ်ပြားအမျိုးအစား(အလူဇင့်သွပ်)၊ အရွယ်အစား(၇’ x ၃’)၊ အထူအပါး(0.300 mm x 11 C )တို့ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်ပြည်သူ့အစိုးရအဖွဲ့သို့ စက်တင်ဘာလ၊ ဒုတိယအပတ်တွင် ပြန်ကြားခဲ့ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရအဖွဲ့၏ အိမ်မိုးသွပ်ပြားထုတ်လုပ်မှုအခြေ အနေအား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယူနန်ပြည်နယ်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ယူနန်ပြည်နယ်မှ လှူဒါန်းမည့်အိမ်မိုးသွပ်ပြား(၂၀၀၀၀၀)ချပ်အား အမြန်ဆုံး ထုတ်လုပ်ရန် စီစဉ်ထားရှိနေပြီး (၂၀-၁၁-၂၀၁၅)ရက်မတိုင်မီ ထုတ်လုပ်မှုပြီးဆုံးမည်ဟု ခန့်မှန်းထားပြီး မြန်မာနိုင်ငံသို့ အမြန်ဆုံးပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြန်ကြားခဲ့ပါသည်။

(၁၂-၁၁-၂၀၁၅)ရက်တွင် ရန်ကုန်မြို့၊ တရုတ်နိုင်ငံသံရုံးမှ နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်လာ ရာတွင် သွပ်ပြား(၂၀၀၀၀၀)ချပ် ထုတ်လုပ်မှုပြီးစီးပါက ကုန်းလမ်းခရီးဖြင့် ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံ၊ မူဆယ်မြို့သို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ သွပ်ပြားများ၏စုစုပေါင်းအလေးချိန်မှ တန်ချိန်(၁၀၀၀)ခန့် ရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ လက်ခံမည့်ပုဂ္ဂိုလ်အမည်နှင့်လိပ်စာတို့အား ပြန်ကြားပေးပါရန် အကြောင်းကြားခဲ့ရာ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးနှင့် မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးတို့ ဦးစီးမည့်ခရိုင်အဆင့်တာဝန် ရှိသူများမှ လက်ခံသွားမည် ဖြစ်ကြောင်း ပြန်ကြားခဲ့ပါသည်။

မြန်မာနိုင်ငံသို့ လှူဒါန်းမည့်သွပ်ပြား(၂၀၀၀၀၀)ချပ်သည် (၁၉-၁၁-၂၀၁၅) ရက်တွင် ယူနန် ပြည်နယ်၊ တဟုန်ပြည်နယ်ခွဲ၊ ရွှေလီမြို့သို့ ရောက်ရှိလာပြီး (၂၄-၁၁-၂၀၁၅)ရက်မှ (၂၆-၁၁-၂၀၁၅) ရက်ထိ ရွှေလီမြို့မှ မူဆယ်မြို့သို့ ကုန်တင်ယာဉ်များဖြင့် ပို့ဆောင်ခဲ့ပါသည်။ သွပ်ပြားတစ်ထုပ်လျှင် ၄၀၀ ချပ်ပါဝင်ပြီး အလေးချိန်မှာ ၂.၂ တန်နှင့် စုစုပေါင်း (၅၀၀)ထုပ်ဖြစ်၍ တန်ဖိုးမှာ တရုတ်ယွမ်ငွေ (၁၀)သန်း ဖြစ်ပါသည်။

(၃-၁၂-၂၀၁၅)ရက် (၀၉၀၀)အချိန်တွင် မြန်မာနိုင်ငံ၊ မူဆယ်မြို့၊ ၁၀၅ မိုင် နယ်စပ်ကုန်သွယ် ရေးစခန်းတွင် ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Shi Lin နှင့် မန္တလေးမြို့၊ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr. Wang Yu တို့မှ လွှဲပြောင်းပေးအပ်ခဲ့ရာ ရှမ်းပြည်နယ်၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးဦးစိန်အုပ်၊ မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် လားရှိုးခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးကျော်ကျော်ထွန်းတို့မှ လက်ခံရယူခဲ့ပါသည်။

အဆိုပါသွပ်ပြား (၂၀၀၀၀၀)ချပ်အား (၂-၁၂-၂၀၁၅)ရက်မှ (၄-၁၂-၂၀၁၅)ရက်ထိ မူဆယ်မြို့မှ ကုန်တင်ယာဉ် (၄၉)စီးဖြင့် မန္တလေးမြို့သို့ ပို့ဆောင်ခဲ့ရာ (၅-၁၂-၂၀၁၅)ရက်တွင် မန္တလေးမြို့သို့ ရောက်ရှိ ခဲ့ပြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးနိုင်မှ လက်ခံရယူ ခဲ့ပြီး မြို့ဟောင်းကုန်သွယ်လယ်ယာသိုလှောင်ရုံဝန်းအတွင်းရှိ သိုလှောင်ရုံအမှတ် (၆၊ ၇)တွင် စနစ်တကျ ထိန်းသိမ်းထားရှိပါသည်။

အိမ်မိုးသွပ်ပြားများ လှူဒါန်းခြင်းနှင့်ဆက်စပ်သည့်စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်မည့် အခမ်းအနားအား ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ၊ ဒုတိယအပတ်တွင် နေပြည်တော်၌ ပြုလုပ်မည်ဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ တက်ရောက်လက်ခံသွားမည်ဟု သိရှိရပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အခြားလှူဒါန်းမှုများမှာ (၇-၈-၂၀၁၅)ရက်တွင် ယူနန်ပြည်နယ်မှ တရုတ်ယွမ်ငွေ သိန်း(၃၀)တန်ဖိုးရှိ ဆန်ရိက္ခာနှင့် မိုးကာတဲ (၁၀၀၀)လုံးတို့ကိုလည်းကောင်း၊ (၁၃-၈-၂၀၁၅)ရက်တွင် မြန်မာကျပ်ငွေ (၁၅၆,၂၇၂,၇၁၂ိ/-)ခန့်တန်ဖိုးရှိ ယူနန်ပြည်နယ်၊ တက်ဟုန် ပြည်နယ်ခွဲမှ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် မိုးကာတဲ(၁၂၀)လုံး တို့ကိုလည်းကောင်း၊ (၁၄-၈-၂၀၁၅)ရက်နေ့တွင် ယွမ် (၂၅၉၀၀၀၀)တန်ဖိုးရှိ Modular House (၁၅၀)လုံးနှင့် ဆန်၊ ဆိုလာမီးအိမ်နှင့် First Aid Kitsများအား လည်းကောင်း၊ (၁၆-၈-၂၀၁၅)ရက်တွင် ယူနန်ပြည်နယ်၊ ရွှေလီမြို့ ပြည်သူ့အစိုးရမှ ယွမ် (၂၀၄၅၀၀) တန်ဖိုးရှိ စားသောက်ကုန်နှင့်အဝတ်အထည်များအား လည်းကောင်း၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့မှ တရုတ်ယွမ် (၁၀)သိန်းတန်ဖိုးရှိ မြန်မာကျပ်ငွေနှင့် တရုတ်ယွမ် (၂.၈)သိန်းတန်ဖိုးရှိ ပစ္စည်းများအား (၂၆-၉-၂၀၁၅)ရက်တွင် လည်းကောင်းလှူဒါန်းခဲ့ပါသည်။

ထို့အပြင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနသည် နေအိမ်များပြန်လည် တည်ဆောက်ရာတွင် အရေးပေါ်ထောက်ပံ့နိုင်ရန်အတွက် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့်မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)မှ တန်ဖိုးငွေကျပ်(၁၈၆.၄၉)သန်း တန်ဖိုးရှိ (၇)ပေအမိုးသွပ်(၆၀၀၀၀)ချပ်အား ၀ယ်ယူခဲ့ရာ (၂၆-၁၀-၂၀၁၅)နေ့တွင် ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့)၌ စနစ်တကျလက်ခံရရှိပြီးဖြစ်ပါသည်။

Sign Up

Upcoming Events