ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးစစ်ကိုင်းတိိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖေါ်ရေးကိစ္စများ ဆွေးနွေးညှိနှိုင်းခြင်းနှင့် ထောက်ပံ့မှုများဆောင်ရွက်

21 Pic 02 21 Pic 03
၂၀.၅.၂၀၁၈၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ရှိ ရွှေစည်းခုံ စေတီတော်နှင့် ဆုတောင်းပြည့်စေတီတို့အား သွားရောက်ဖူးမျှော်ကြည်ညိုပြီး အလှူငွေများ အသီးသီး ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်၊ ရန်ကင်းကျောင်းဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာဝံသအား သွားရောက်ဖူးမျှော်ကြည်ညိုပြီးလှူဖွယ်ပစ္စည်းများနှင့် အလှူငွေများဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မုံရွာမြို့တော် ခန်းမတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိမသန်စွမ်းသူများ၊ မိခင်ဝိုင်းများနှင့် သုံးမွှာ ပူးမွေးမိခင်များအား ထောက်ပံ့ကြေးငွေများပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် မူဝါဒအသစ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် လူတိုင်းဒီမိုကရေစီစံနှုန်းနှင့် အညီလူ့အခွင့်အရေးအပြည့်အဝရရှိပြီး လူ့ဂုဏ်သိက္ခာရှိစွာနေထိုင်နိုင်ရေးအတွက် လူမှုကာကွယ် စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ယနေ့ကျင်းပသည့် အခမ်းအနားတွင် လူမှုကာကွယ်စောင့်ရှောက်ရေးတစ်ခုဖြစ်သည့် လူမှုရေးရာငွေကြေးထောက်ပံ့မှုအဖြစ် မသန်စွမ်းသူများကို ထောက်ပံ့ကြေးငွေ ပေးခြင်းဖြစ်ကြောင်း၊ ဆက်လက်၍တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မသန်စွမ်းသူများကို စနစ်တကျစာရင်းကောက်ယူပြီးငွေကြေးထောက်ပံ့သောအစီအစဉ်ကိုဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများသည် အနာဂတ်နိုင်ငံတော်၏ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် အလွန်အရေးကြီးပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်တွင် မူလတန်းကြိုကျောင်း (၁၀၀) ကျော်သာရှိပါ ကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်း (၁၀၀၀) ခန့်ရှိပါကြောင်း၊ ကျေးလက်တောရွာနေ မူလတန်းကြိုကျောင်းတက်ရောက်နိုင်ရန် ခက်ခဲနေသော ကလေးသူငယ်များ အတွက်ရည်ရွယ်၍ မိခင်ဝိုင်းများဖွင့်လှစ်ပြီးမူကြိုပညာရေးရရှိအောင် ဆောင်ရွက်ပေးနေပါကြောင်း၊ လူမှု ဝန်ထမ်းဦးစီးဌာနသည် သုံးမွာပူးနှင့်အထက် မွေးဖွားသောမိခင်များအားထောက်ပံ့မှုကို ဆောင်ရွက်လျက်ရှိ ပါကြောင်းဖြင့်ပြောကြားခဲ့ပါသည်။ ဆက်လက်၍စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ ကျေးဇူးတင်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် မုံရွာခရိုင်အတွင်းရှိ မသန်စွမ်းသူများ အတွက် ထောက်ပံ့ကြေးငွေ (၂၉၄) သိန်း၊ ရောင်ခြည်သစ်မျက်မမြင် ပရဟိတဂေဟာအတွက် (၉.၉) သိန်း၊ မိခင်ဝိုင်းများတည်ထောင်နိုင်ရန်အတွက် ထောက်ပံ့ကြေးငွေ (၃၀၆) သိန်း၊ သုံးမွှာပူး မွေးဖွား မိခင်များအတွက် ထောက်ပံ့ကြေးငွေ (၁၅) သိန်းအားအသီးသီးထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထိုနောက် မုံရွာခရိုင်အတွင်းရှိ မသန်စွမ်းသူများကိုယ်စား မသန်စွမ်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သလ္လာပရဟိတဂေဟာသို့ ရောက်ရှိပြီး ကြီးကြပ်မှုကော်မတီနှင့် တွေ့ဆုံကာဂေဟာအတွက် ထောက်ပံ့ကြေးငွေ (၆၁) သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနရုံးသို့ ရောက်ရှိပြီးသိုလှောင်ရုံအား ကြည့်ရှု့စစ်ဆေးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တွေ့ဆုံကာတိုင်းဒေသကြီးအတွင်း လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကိစ္စရပ်များလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ မူဝါဒများနှင့် လုပ်ငန်း စဉ်များကိုရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး များက တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် ချက်များကိုတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မုံရွာဘိုးဘွားရပ်သာသို့သွားရောက်ပြီး ကြီးကြပ်မှုကော်မတီနှင့် တွေဆုံကာထောက်ပံ့ကြေးငွေ (၇၇) သိန်းအားပေးအပ်ခဲ့ပြီး ရိပ်သာ အတွင်းရှိ ဘိုးဘွားများအား လှည့်လည်ကြည့်ရှု့အားပေးခဲ့ပါသည်။ ဆက်လက်၍ ချောင်းဦးမြို့ အမျိုးသမီး စောင့်ရှောက်ရေး ပရဟိတဂေဟာသို့ရောက်ရှိပြီးဂေဟာတွင် စောင့်ရှောက်ထားရှိသည့် အမျိုးသမီးငယ် များအားအား ပေးစကားပြောကြားခဲ့ပြီးထောက်ပ့ံ့ကြေးငွေ (၇၀) သိန်းအားပေးအပ်ခဲ့ပါသည်။ စစ်ကိုင်း တိုင်းဒေသကြီးအတွင်း ယနေ့ထောက်ပံ့ပေးအပ်ငွေမှာ စုစုပေါင်း (၇၇၁၉၉၁၀၀) သိန်းရှိပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြင်းမူမြို့နယ် လူမှုဝန်ထမ်းရုံးတည်ဆောက်မည့် မြေနေရာသို့ ဝင်ရောက်ကြည့်ရှု့ခဲ့ပြီးထိုမှတစ်ဆင့် ရွှေရတုတိပိဋကစက္ခုပါလမျက်စိဆေးရုံတော်ကြီးသို့ ဝင်ရောက်ကာ မျက်စိဝေဒနာရှင်များအား ဆေးကုသပေးနေမှုကိုလှည့်လည်ကြည့်ရှုပြီး ရွှေရတုတိပိဋက ဆရာတော်အား လှူဖွယ်ပစ္စည်းနှင့် အလှူငွေများဆက်ကပ်လှူဒါန်းခဲ့ပါသည်။ထို့နောက် စစ်ကိုင်းမျက်မမြင် ကျောင်းသို့ရောက်ရှိပြီးလှည့်လည်ကြည့်ရှုကာ တာဝန်ရှိဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#sgg_may2018

Sign Up

Upcoming Events