၁၉-၅-၂၀၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိ သူများနှင့်အတူ ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ရွှေဂုံတိုင်ကလေးပြုစုရေးဌာနတွင် ကျင်းပပြုလုပ်သော မွေးကင်းစကလေးဆောင် ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရင်ခွင်မဲ့ ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းကဦးဆောင်၍ ရင်ခွင်မဲ့ကလေးငယ်များကို စနစ်တကျပြုစု စောင့်ရှောက် ရေးအတွက် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမှာ ကလေးသူငယ် အခွင့်အရေး (၄) ရပ်ထဲမှ အရေးကြီးဆုံးဖြစ်သည့် ရှင်သန်ခွင့်နှင့် ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မွေးကင်းစမှ သက်ကြီးရွယ်အိုအထိ ဘဝစက်ဝန်းတစ်လျှောက်လုံး လူမှုရေးလိုအပ်ချက်များကို လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများဖြင့် ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ကလေးသူငယ်များသည် နိုင်ငံတော်၏ အနာဂါတ် ဖြစ်သည့်အတွက် စနစ်တကျ ပြုစုစောင့်ရှောက်ရန်လိုအပ်ကြောင်း၊ ထိုသို့ စောင့်ရှောက်နိုင်ရန်အတွက် ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေး နှင့်ကာကွယ်စောင့် ရှောက်ရေးအသင်းကိုဖွဲ့စည်းပြီး မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဝန်ကြီးဌာနသည် နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် အစိုးရသာမက လူမှုရေးအဖွဲ့အစည်း များ ပုဂ္ဂလိက ကဏ္ဍဖောင်ဒေးရှင်းများ၊ အလှူရှင်များ၏ပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရေးကြီးဆုံးမှာ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်အောင် စည်းရုံးဆောင်ရွက်မှသာ လုပ်ငန်းများအောင်မြင်မည်ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် မွေးကင်းစ ကလေးဆောင်အတွက် မွမ်းမံပြင်ဆင်ခြင်းနှင့် အသုံးအဆောင်များ ဖြည့်ဆည်းပေးခြင်းတို့အတွက် စေတနာထက်သန်စွာဖြင့် လှူဒါန်းပေးပါသော ဝိသာခါဖောင်ဒေး ရှင်းအား ကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းအထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာမြသီတာက အသင်း၏ ရည်ရွယ်ချက် များကိုရှင်းလင်းပြီး လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းပါသည်။ ထိုသို့ ရှင်းလင်းရာတွင် အသင်းအနေဖြင့် အစိုးရ၏ ဦးဆောင်မှုဖြင့် ပြည်သူအားလုံးပါဝင်၍ စုပေါင်းအားနှင့် အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။
ဝိသာခါဖောင်ဒေးရှင်း နာယက ပါမောက္ခ ဒေါက်တာဝင်းမင်းသစ်က ရွှေဂုံတိုင် ကလေးပြုစုရေးဌာနတွင် မွေးကင်းစကလေးဆောင် ပြုပြင်မွမ်းမံခြင်း၊ လိုအပ်သောပစ္စည်းများ ဖြည့်တင်းပေးခြင်း၊ ကလေးငယ်များအား စနစ်တကျပြုစုနိုင်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ရေး ပံ့ပိုးကူညီခြင်းနှင့် လှူဒါန်းရခြင်းအကြောင်းများကို ရှင်းလင်းပြောကြားသွားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မွေးကင်းစဆောင်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး စောင့်ရှောက်ခံ ရင်ခွင့်မဲ့ ကလေးငယ်များအား ကြည့်ရှုခဲ့ကြပါသည်။ အဆိုပါမွေးကင်းစ ကလေးဆောင်များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများတွင် ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ ယနေ့ ဝိသာခါဖောင်ဒေးရှင်းက လှူဒါန်းသော မွေးကင်းစကလေးများထားရှိရန် အဆောင်ပြုပြင် မွမ်းမံခြင်းနှင့် လိုအပ်သောပစ္စည်းများ ဖြည့်တင်းခြင်းတို့အတွက် စုစုပေါင်းကုန်ကျငွေ ကျပ်(၂၃၅)သိန်း ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: MSWRR
#hl1_otr
#ygn_may2018