၁၀-၅-၂၀၁၈၊ နေပြည်တော်
မြန်မာနိုင်ငံတွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ ဆန်းစစ်အကဲဖြတ်ချက်နှင့် ထိခိုက်ဆုံးရှုံး နိုင်ခြေပြမြေပုံရေးဆွဲရေးလမ်းညွှန်ပြုစုခြင်းဆိုင်ရာ ပထမအကြိမ်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၈) နာရီ တွင် နေပြည်တော် Hilton Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး မှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာပေါ်ရှိလူသားများသည် ဘေးအန္တရာယ်များကို တစ်နည်းမဟုတ်တစ်နည်းရင်ဆိုင်ကြရပါကြောင်း၊ အဆိုပါဘေးများ အားရင်ဆိုင် တုံ့ပြန်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများနှင့် အရေးပေါ်တုံ့ပြန်မှုများအားကောင်းရန်လိုအပ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများနိုင်ငံပေါင်း (၁၇၁) နိုင်ငံအနက် မြန်မာနိုင်ငံ၏ ဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေ သည် အဆင့်(၄၂)တွင်ရှိပါကြောင်း၊ သို့ရာတွင် ဘေးအန္တရာယ်များအတွက် အဆင်သင့်ဖြစ်မှုအနေအထားတွင် အနိမ့်ဆုံး(၁၅)နိုင်ငံအတွင်းပါဝင်နေပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် သဘာဝကြောင့်ဖြစ်သော ဘေးများ သာမက လူတို့ကြောင့်ဖြစ်ပွားသောဘေးများကိုပါ စီမံခန့်ခွဲမှုများဆောင်ရွက်နေရပါကြောင်း၊ မိမိတို့အနေဖြင့် စီမံခန့်ခွဲမှုထိရောက်မှုရှိစေရန် ဥပဒေ၊ နည်းဥပဒေများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ များဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ စီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီများတွင် သက်ဆိုင်ရာဝန်ကြီးဌာနများအားလုံး ပါဝင်ပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများတွင် ဝန်ကြီးဌာနတစ်ခုစီမှပူးပေါင်းပါဝင်ရန်လိုအပ်သကဲ့သို့ဝန်ကြီးဌာနတစ်ခုချင်းအလိုက် အားထုတ်မှုသည်လည်း အရေးပါပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ဌာနတွင်းစီမံခန့်ခွဲမှုစနစ်များကိုလည်း ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ထားပါကြောင်း၊ ဝန်ကြီးဌာနတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနကို အသစ်ဖွဲ့စည်းထားခြင်းမှာလည်း လူမှုဝန်ထမ်းကိစ္စရပ်များကိုသာမက ဘေးဖြစ်ပွားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုထိရောက်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားပါ ကြောင်း၊ ပြင်ဆင်ထားပြီးမူဝါဒပိုင်းတွင်လည်းဘေးဒဏ်ကိုကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်သည့် လူ့အသိုက်အဝန်း ဖြစ်ပေါ်လာစေရေးဟူသည့် မူဝါဒဖြင့် ထိရောက်စွာဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု များအတွက် ပူးပေါင်းဆောင်ရွက်မှု အပိုင်းတွင်လည်းလူမှုအဖွဲ့အစည်းများနှင့်အတူကမ္ဘာ့နိုင်ငံအသီးသီးနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံဒေသတွင်းနိုင်ငံများနှင့်လည်း တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံဒေသတွင်းတွင် သဘာဝဘေးအန္တရာယ်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် လုပ်ငန်းအဖွဲ့(၅)ဖွဲ့ရှိသည့်အနက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့တွင် ဦးဆောင်နိုင်ငံအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုရေးဆွဲမည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေပြမြေပုံရေးဆွဲလမ်းညွှန် ပြုစုခြင်းသည် အာဆီယံအဆင့်တွင် ရေးဆွဲထားပြီးဖြစ်သော Risk and VulnerablitiesAssesssment-RVA Guidelines ကိုမှီငြမ်းကိုးကား၍ မြန်မာနိုင်ငံ၏ အနေအထားနှင့် ကိုက်ညီအောင် ရေးဆွဲသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအတွက် လမ်းပြမြေပုံဖြစ်သော မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက် (Myanmar Action Plan on Disaster Risk Reduction-MAPDRR) ကိုရေးဆွဲထားပြီး၊ ၎င်းတွင်ပါဝင်သော အဓိကမဏ္ဍိုင်(၄)ခုအနက် အဓိကမဏ္ဍိုင်(၁)ခုသည် ပြင်းထန်သည့် ရာသီဥတုအခြေအနေများအပါအဝင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးခြေအပေါ် ဆန်းစစ် အကဲဖြတ်ခြင်းနှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးကိုအများပြည်သူသိရှိအောင် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယခုရေးဆွဲမည့် လမ်းညွှန်ချက်သည် အဆိုပါဦးစားပေးလုပ်ငန်းအရဆောင်ရွက်သွားခြင်း ဖြစ်ပြီးအနာဂတ်တွင် ဖြစ်ပွား လာနိုင်သည့် ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုများ၊ ကြိုတင်ကာကွယ်မှုများဆောင်ရွက်နိုင်ရန် လွန်စွာအရေးကြီးပါကြောင်းစသည်ဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် International Organization for Migration-IOM မှ Chief of Misssion ဖြစ်သူ Mr.Akio Nakayama က လုပ်ငန်းဆောင်ရွက်မှုများကိုရှင်းလင်းတင်ပြပြီးလမ်းညွှန်ချက်ရေးဆွဲရေးအတွက် လိုအပ်သည့် နည်းပညာပံ့ပိုးမှုများအတွက် ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေနွေးပွဲသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် IOM တို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွက် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေဆန်းစစ်ခြင်းနှင့် ထိခိုက်လွယ်မှုပြ မြေပုံရေးဆွဲ ခြင်းတို့တွင် တစ်ပြေးညီဖြစ်စေရေးအတွက် လမ်းညွှန်ချက်ရေးဆွဲရန်ဖြစ်ပြီး၊ လမ်းညွှန်ချက်ပါ ဆန်းစစ်ချက် ဆောင်ရွက်သည့် Methodologyနှင့် Tool များကိုအသုံးပြု၍ လက်တွေ့ဆန်းစစ်ချက်များကို စမ်းသပ်ပြီး တိုင်း ဒေသကြီး၊ ပြည်နယ်များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါ ပထမအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲသို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များအပါအဝင် ဌာနဆိုင်ရာအကြီးအကဲ များနှင့် ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများနှင့် တက္ကသိုလ်များမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပါသည်။
#hl1
#npw_may2018