ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများကချင်ပြည်နယ်ရှိတိုက်ပွဲရှောင်ပြည်သူများနှင့်တွေ့ဆုံ

6 pic_02

၅.၅.၂၀၁၈၊ ကချင်

လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးသည် ဒုတိယ၀န်ကြီးဦးစိုးအောင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် လူမှုရေး၀န်ကြီးဒေါက်တာသင်းလွင်နှင့်အတူ တာ၀န်ရှိသူများလိုက်ပါလျက် ယနေ့ညနေပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တန်ဖဲရွာတွင် ယာယီဖွင့်လှစ်ထားရှိသောတိုက်ပွဲရှောင်စခန်းသို့ ရောက်ရှိကြပြီးနေရပ်စွန့်ခွာရောက်ရှိလာသောပြည်သူလူထုနှင့်တွေ့ဆုံကာရင်းရင်းနှီးနှီးအားပေးစကားပြောကြားပါသည်။

ပြည်ထောင်စု၀န်ကြီးက ပြည်သူလူထုအနေဖြင့် ယခုကဲ့သို့ နေရပ်စွန့်ခွာလာရချိန်တွင် လိုအပ်သော စား၀တ်နေရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးစသည့်အခက်အခဲများကိုဖြေရှင်းပေးရန်၊ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကိုယ်၀န်ဆောင်မိခင်များနှင့် ကလေးများကိုပိုမိုအလေးထားစောင့်ရှောက်ရန်၊  ကူညီမှုများပေးအပ်လို၍ လာရောက်ခြင်းဖြစ်ပါကြောင်း၊  နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများဒုက္ခခံစားနေရချိန်တွင် ထိရောက်စွာစောင့်ရှောက်နိုင်ရန် အရေးကြီးပါကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများအနေဖြင့် လိုအပ်ချက်များကိုပွင့်ပွင့်လင်းလင်းတင်ပြရန် ပြောကြားခဲ့ပါသည်။

အင်ဂျန်းဒုံ၊ အင်ဂိုင်းကောင်နှင့် အင်လော့ယန်ကျေးရွာများရှိတိုက်ပွဲရှောင်ပြည်သူများကကူညီထောက်ပံ့မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအချိန်တွင် မိမိတို့ကျေးရွာများ၌ ကျန်ရှိခဲ့သောပြည်သူများကိုလုံခြုံမှုရှိသောနေရာများသို့ ပြောင်းရွှေ့နေထိုင်နိုင်ရေးကိုကူညီဆောင်ရွက်ပေးပါရန်နှင့် ထောက်ပံ့မှုထက် ကယ်ထုတ်မှုကိုညှိနှိုင်းကူညီဆောင်ရွက်ပေးစေလိုပါကြောင်းပြောကြားရာအစိုးရအနေဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောကြားပါသည်။ထို့နောက် တိုက်ပွဲရှောင်စခန်းရှိ (၅)နှစ်အောက်ကလေးငယ်များအတွက် ထောက်ပံ့ငွေကျပ် (၆၇၅၀၀၀၀ိ/-)၊ ကိုယ်၀န်ဆောင်မိခင်များအတွက်(၁၄)သိန်း၊ မသန်စွမ်းသူများအတွက် (၃၄)သိန်း၊ အမျိုးသမီးဦးဆောင်သူများအတွက် (၁၈၅၀၀၀၀ိ/-)နှင့် ယာယီခိုလှုံသူ (၈၈၀)ဦးအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲရိက္ခာ(၁)လစာတို့ကိုထောက်ပံ့ပေးအပ်ရာ တာ၀န်ရှိသူများက လက်ခံရယူကြပါသည်။ ထို့အပြင် အသက်(၁၀၀)ကျော် အဘွား(၁)ဦး၊ အသက်(၉၀)နှစ်အထက် အဘိုး(၁)ဦးနှင့် အဘွား(၁)ဦးတို့ကိုလည်းသီးခြားတွေ့ဆုံ၍ လက်၀ယ်အရောက် ထောက်ပံ့ပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events