(၂-၅-၂၀၁၈)
၂၀၀၈ ခုနှစ်မေလ (၂) ရက်နေ့တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ရဟန်းရှင်လူပြည်သူများကို ရည်စူးပြီးအလှူငွေများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ဧရာဝတီတိုင်း ဒေသကြီးပုသိမ်မြို့ရှိ ရွှေမုဌောစေတီတော်မြတ်ကြီးနှင့် မြောင်းမြဘုန်းတော်ကြီးတို့တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဧရာဝတီတိုင်းဒေသကြီး၀န်ကြီးချုပ် ဦးလှမိုးအောင်တို့တက်ရောက်၍ အလှူငွေ များကို ပေးအပ် လှူဒါန်းခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝိသာခါ (ဒေါ်လှယဉ်) ဓမ္မာရုံတွင် ကျင်းပ ပြုလုပ်သော နာဂစ်မုန်တိုင်းတိုက်ခတ်ခံရပြီး (၁၀) နှစ်ပြည့်အထိမ်းအမှတ် မေတ္တာပို့၊ အမျှ အတန်းပေးဝေခြင်းအခမ်း အနားကို တက်ရောက်ခဲ့ပြီး သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းအစရှိသောလှူဖွယ်ဝတ္ထုအစုစုတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။
နာဂစ်အလွန် ပြန်လည်ထူထောင်ရေးမှသည် ဘေးဒဏ်ရင်ဆိုင်တုန့်ပြန်နိုင်စွမ်းရှိသည့် ပြည်သူလူထု ဖြစ်ပေါ်လာရေးကိုရှေးရှု့၍ နာဂစ်မုန်တိုင်းကျရောက်ခဲ့မှု (၁၀) နှစ်ပြည့်မြောက် သည့် ၂၀၁၈ ခုနှစ်၊ မေလ (၂) ရက်နေ့တွင် ပြည်သူလူထု အသိပညာပြန့်ပွားရေးအစီအစဉ်အား ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိမြို့တော် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး၊ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်၊ ဦးလှမိုးအောင်၊ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဂုဏ်ထူးဆောင် ဥက္ကဌ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူမှုရေး အသင်းအဖွဲ့များမှ ကိုယ်စား လှယ်များနှင့် ဖိတ်ကြားထားသောဧည့်သည်စုစုပေါင်း(၅၅၀)ခန့် တက်ရောက်ခဲ့ကြပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နာဂစ်မုန်တိုင်းကျရောက်ခဲ့မှုဖြစ်စဉ်သည် သမိုင်းတွင် မေ့ပျောက်မရနိုင်သည့်ကိစ္စတစ်ရပ်ဖြစ်ပါကြောင်း၊ လူသားအားလုံးအတွက် ပျော်ရွှင် ဖွယ်အထိမ်းအမှတ် နေ့ရက်များရှိသကဲ့သို့ ဝမ်းနည်းကြေကွဲဖွယ်နေ့ရက်များလည်းရှိပါကြောင်း၊ လွတ်လပ်ရေးရသည့်နေ့ကို ဝမ်းမြောက်စွာသတိရနေသကဲ့သို့ အာဇာနည်နေ့ကိုလည်း ဝမ်းနည်းစွာမေ့နိုင်မည်မဟုတ်ပါကြောင်း၊ နာဂစ် မုန်တိုင်းဖြစ်ပွားခဲ့သည့် နေ့ရက်သည်လည်း ကျွန်တော်တို့ နိုင်ငံအတွက် ထိခိုက်ဆုံးရှုံးမှုများ စွာဖြစ်ပွား စေခဲ့သည့်အတွက် ဝမ်းနည်းစရာနေ့အဖြစ် သတိရနေမည်ဖြစ်ကြောင်း၊ ယနေ့(၁၀)နှစ်ပြည့် သတိတရအခမ်း အနားကျင်းပရခြင် သည် သင်ခန်းစာရယူရန်နှင့် သဘာဝဘေးတုန့်ပြန်ရန်အတွက် ပြန်လည်ဆန်းစစ်ပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုသတိရှိစေရန်အတွက်ဖြစ်ကြောင်း၊ နာဂစ် မုန်တိုင်းကြောင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိမြို့နယ်ပေါင်း (၃၇) မြို့နယ်တွင် စုစုပေါင်း (၁၁.၇) ထရီလီယံကျပ်ခန့် ဆုံးရှုံးမှုများခဲ့ပြီး လူပေါင်း တစ်သိန်းလေးသောင်းခန့် သေကျေပျက်စီး ပျောက်ဆုံးခဲ့ ရပါကြောင်း၊ ဘေးလွန်ကာလတွင်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ ဦးဆောင်မှု ဖြင့် အဖွဲ့အစည်းအသီးသီးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ပိုမို ကောင်းမွန်သည့် စီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနှင့် နည်းဥပဒေတို့ကိုရေးဆွဲဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အမျိုးသားဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီ (၁၂)ဖွဲ့ကိုလည်းဖွဲ့စည်းပြီး စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိထိရောက်ရောက်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အဆင့်တွင်လည်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကို လည်း နှစ်စဉ်ကျပ်ဘီလီယံ(၂၀)ခွဲဝေသတ်မှတ်ဆောင်ရွက်ထားပါကြောင်း၊ အဆိုပါရန်ပုံငွေမှ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုနှင့် ဘေးလျော့ပါးရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံပေးလျက်ရှိပါကြောင်း၊ နာဂစ်လွန် ကာလတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကျောင်း၊ နေပြည်တော်တွင် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနနှင့် လပွတ္တာမြို့တွင်လည်း နာဂစ် မုန်တိုင်းအတွင်း မိဘမဲ့ဖြစ်သွားကြသည့် ကလေးသူငယ်များအတွက် လူငယ့်အားမာန် သင်တန်းကျောင်းတို့ကို တည်ထောင် ပေးနိုင်ခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ခိုင်ခံ့သည့် အခြေခံအဆောက်အဉီများ အားနည်း သည့်အတွက် ဘေးဖြစ်ချိန်တွင်ခိုလှုံနိုင်ရန် မုန်တိုင်း ဒဏ်ခံအဆောက်အဦ(၇၀)လုံး၊ အခြားမုန်တိုင်းဒဏ်ခံ အဆောက်အဦများကို ဆောက်လုပ်ပေးနိုင်ခဲ့ပြီး ယခုနှစ်အတွင်းမှာလည်း ဘက်စုံသုံးမုန်တိုင်းဒဏ်ခံ အဆောက်အဦ (၅၇)လုံး ထပ်မံဆောက်လုပ်သွားမည်ဖြစ်ပါကြောင်း၊ ထိုနည်းတူစွာအသိပညာပေး လုပ်ငန်းများ နှင့် ဇာတ်တိုက် လေ့ကျင့်မှုများကို အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများလျော့ကျစေရေးအတွက် လူတိုင်းလူတိုင်းမှ ဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ရှိရန်လိုအပ်သကဲ့သို့ အဆိုပါအသိတရားအပေါ်တွင် သတိဖြင့် တုံ့ပြန်ဆောင်ရွက်ရန်လည်းလိုအပ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်အတိုင်း ဘေးဒဏ်ရင်ဆိုင်တုံ့ပြန်နိုင်သည့် လူ့အဖွဲ့အစည်းဖြစ်လာစေရေးနှင့် ဘေးအန္တရာယ်များနှင့်ရင်ဆိုင်ရချိန်တွင် အဆင်သင့်ဖြစ်မှုတိုးမြှင့်ပေးနိုင်ရေးအတွက် ပိုမိုရင်းနှီးမြှုပ်နှံ မှုပြု လျက်ရှိပါကြောင်း၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဗဟိုကော်မတီကဦးဆောင်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးခရိုင်၊မြို့နယ်အဆင့်အထိပိုမိုကောင်းမွန်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ပုံစံအသစ်ဖြင့် ပြည်သူလူထုအပါအဝင် အဖွဲ့အစည်းအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုကိုရယူကာ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဖြင့်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်၊ ဦးလှမိုးအောင်ကနာဂစ်မုန် တိုင်းလွန်ကာလတွင် တိုင်းဒေသကြီးအဆင့် တုံ့ပြန်ဆောင်ရွက်မှုများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှရရှိသည့် သင်ခန်းစာများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုကော်မတီများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေး ခဲ့ပြီး တက်ရောက်လာသူအာလုံးကဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်၍ မေတ္တာပို့ ဆုတောင်း မှုပြုခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လပွတ္တာမြို့လူငယ့်အားမာန်သင်တန်းကျောင်းမှ နာဂစ်မုန်တိုင်း အတွင်းမိဘမဲ့ဖြစ်သွားသည့် ကလေးသူငယ်များအတွက် ပညာဒါနသင်ကြားပေးသည့် လူငယ်များအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ပြီးခင်းကျင်းပြသထား သည့်ဌာနဆိုင်ရာ များနှင့်အဖွဲ့အစည်းအသီးသီး၏ နာဂစ် အလွန် ပြန်လည်ထူထောင်ရေးမှသည် ဘေးဒဏ်ရင်ဆိုင် တုံ့ပြန်နိုင်စွမ်းရှိသည့် ပြည်သူလူထု ဖြစ်ပေါ် လာရေးဆီသို့ ဦးတည်ပြသထားသော လူထုပညာ ပေးပြခန်းများကိုလှည့်လည်ကြည့်ရှုခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ကျရောက် လွယ်မှုများနှင့် စပ်လျဉ်းသည့် သုတေသနတွေ့ရှိချက်များ၊ လေ့လာဆန်းစစ်မှုများကို ဘာသာရပ်ခေါင်းစဉ်အလိုက် တင်ပြ ဆွေးနွေးခြင်း၊ ပြန်လည်ထူထောင်ရေးနှင့်စပ်လျဉ်းသည့် အတွေ့အကြုံ၊ အသိအမြင်များကို စကားဝိုင်းဆွေးနွေး မှုများ၊ သရုပ်ပြတင်ဆက်မှုများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
#hl1_ha_str
#ayy_mar 2018