အိန္ဒိယနိုင်ငံရောက် ရေလုပ်သား (၁၅၈) ဦး ပြန်လည်ရောက်ရှိမှုသတင်း

DSC_0101 DSC_0104  DSC_0148DSC_0153DSC_0123DSC_0155

၁။        အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်အရ အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမြို့ရှိ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံပြီး မြန်မာနိုင်ငံသားမှန်ကန်ကြောင်း အတည်ပြုပြီးသူ မြန်မာရေလုပ်သား (၂၄၃) ဦးအနက် ပထမအသုတ်အဖြစ် ရေလုပ်သား (၁၅၈) ဦးအားခေါ်ယူရန် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချွမ်ဟရဲ ဦးစီးသည့် ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ (၂-၁၁-၂၀၁၅)နေ့၊ (၀၈:၂၀) အချိန်တွင် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) မှ စင်းလုံးငှားလေယာဉ်ဖြင့် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမြို့သို့ ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် (၀၉:၄၅) အချိန်တွင် ပို့ဘလဲယားမြို့လေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။ ၎င်းနောက် ရေလုပ်သားများအား စိစစ်လက်ခံပြီး ဒေသစံတော်ချိန် (၁၂:၁၅) အချိန်တွင် ပို့ဘလဲယားမြို့လေဆိပ်မှ ပြန်လည်ထွက်ခွာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၁၂:၅၀) အချိန်တွင် ရောက်ရှိခဲ့ပါသည်။ ရေလုပ်သားများအား လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါ်စုစုလှိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးကျော်မင်းနှင့်တာ၀န်ရှိသူများ၊ ရေလုပ်သားများ၏နေရပ်ဒေသများဖြစ်သော ဧရာ၀တီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှအစိုးရအဖွဲ့ကိုယ်စားလှယ်များ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်သာနှင့်တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံပင်လယ်ကမ်း‌ဝေးငါးဖမ်းလုပ်ငန်းရှင်များအသင်းမှတာ၀န်ရှိသူများနှင့် IOM အဖွဲ့တို့မှ ကြိုဆိုခဲ့ကြပါသည်။

၂။      ပြန်လည်ရောက်ရှိခဲ့သည့် ရေလုပ်သား (၁၅၈) ဦးမှာ ဧရာ၀တီတိုင်းဒေသကြီးမှ (၁၃၇) ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၁) ဦး၊ ရခိုင်ပြည်နယ်မှ (၂၀) ဦးတို့ဖြစ်ပါသည်။ ၎င်းရေလုပ်သားများအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချွမ်ဟရဲနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းတို့မှ လိုအပ်သည်များမှာကြားခဲ့ပါသည်။ ရေလုပ်သားများအား ငါးလုပ်ငန်းဦးစီးဌာနမှ တစ်ဦးလျှင် (၅၀၀၀/-) နှုန်း၊ မြန်မာနိုင်ငံပင်လယ်ကမ်း‌ဝေးငါးဖမ်းလုပ်ငန်းရှင်များအသင်းမှ တစ်ဦးလျှင် (၅၀၀၀/-) နှုန်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တစ်ဦးလျှင် ကျားလုံချည်(၁)ထည်၊ တီရှပ်(၁)ထည်၊ တဘက်(၁)ထည်နှုန်း၊ IOM အဖွဲ့မှ တစ်ဦးလျှင်(၂၅၀၀၀/-)နှုန်းနှင့် ငွေဖြည့်ကဒ်(၁၀၀၀/-)ပါ ဆင်းကတ်(၁)ခုတို့ကို ထောက်ပံ့ခဲ့ပြီး၊ ပြည်တွင်းခရီးစရိတ်နှင့် စားစရိတ်ကုန်ကျငွေများကို ရေလုပ်သားများ၏နေရပ်ဒေသများဖြစ်သော ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှ လှူဒါန်းထောက်ပံ့ခဲ့ပါသည်။

၃။      ရေလုပ်သားများအား မြန်မာနိုင်ငံရဲသတင်းတပ်ဖွဲ့၊ လူ၀င်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနတို့မှ လိုအပ်သည်များ စစ်ဆေးခဲ့ပြီး ရခိုင်ပြည်နယ်မှရေလုပ်သား(၂၀)ဦးတို့အား (၁၄:၀၀)အချိန်တွင်လည်းကောင်း၊ ဧရာ၀တီတိုင်းဒေသကြီးမှရေလုပ်သား(၁၃၇)ဦးအား (၁၄:၄၅)အချိန်တွင်လည်းကောင်း သက်ဆိုင်ရာဒေသအသီးသီးသို့ အစိုးရအဖွဲ့ကိုယ်စားလှယ်များ၏ဦးဆောင်မှုဖြင့် ပြန်လည်စေလွှတ်ခဲ့ပါကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီးမှရေလုပ်သား(၁)ဦးအား (၃-၁၁-၂၀၁၅)နေ့တွင် လေယာဉ်ဖြင့် ပြန်လည်စေလွှတ်သွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events