
၂၉-၄-၂၀၁၈၊ နေပြည်တော်
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပပြုလုပ်သော ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေသော အစိုးရဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်းကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်နေသည့်သူများ စုံညီစွာတက်ရောက်သည့်အတွက် မင်္ဂလာ ရှိပါကြောင်း၊ ယခုတွေ့ဆုံဆွေးနွေးပွဲမတိုင်မီရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တွေ့ဆုံဆွေးနွေးပွဲတစ်ခုပြုလုပ် ခဲ့ပြီးဖြစ်ပါကြောင်း၊ Diversity Management Forumတစ်ခုကိုလည်းကျင်းပခဲ့ပါကြောင်း၊ အစိုးရအနေနှင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိုဦးစားပေး ဆောင်ရွက်နေပါကြောင်း၊ တိုင်းရင်းသား အရေးဟုဆိုရာတွင် ဖွံ့ဖြိုးမှုနောက်ကျသောချင်း၊ နာဂ၊ ရခိုင်ဒေသများကို ဦးစားပေးဆောင်ရွက်နေပါ ကြောင်း၊ သို့ဖြစ်ပါ၍ “ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ”ဟူ၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်၍ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေ ဖြင့်လည်း ဒေသတွင်းပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေပြီးလိုအပ်ချက်များကို လေ့လာ ဆောင်ရွက်ထားရှိပြီး လေ့လာထားမှုနှင့်အတွေ့အကြုံများပေါင်းစပ်၍ အကောင်းဆုံးဖြစ်အောင်ဆောင်ရွက် နေပါကြောင်း၊ မွတ်ဆလင်များ၏ ခံစားမှုသာမကရခိုင်တိုင်းရင်းသားများ၊ ရခိုင်မျိုးနွယ်စုငယ်များ၊ ဟိန္ဒူ၊ ကမန်၊ မရမာကြီးစသည်တို့၏ ခံစားမှုများ၊မည်သို့ရှိသည်ကို လေ့လာထားပြီးဖြစ်ကြောင်း၊ အစိုးရသစ် အနေဖြင့် လူမှုသဟဇာတမဖြစ်ရခြင်း၏ အခြေခံအကြောင်းရင်းများဖော်ထုတ်ခဲ့ရာတွင် အကြောင်းရင်းများ ထွက်ပေါ်လာသော်လည်းနှစ်ရှည်လများစွာကတည်းကဖြစ်ပေါ်နေသောအကြောင်းရင်းများဖြစ်သဖြင့်ဖြေရှင်းရန်ခက်ခဲပါကြောင်း၊၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက် အကြမ်းဖက်တိုက်ခိုက်မှုတွင် လုံခြုံရေး တပ်ဖွဲ့ဝင် များကျဆုံးမှုများရှိပါကြောင်း၊ ၎င်းတိုက်ခိုက်မှုဖြစ်စဉ်နောက်ပိုင်းတွင် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်၍စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး အကြံပြုချက် (၄၈) ချက်ပေါ်ထွက်ခဲ့ကြောင်း၊ ကိုဖီအာနန် ဦးဆောင်သောရခိုင်ပြည်နယ်ဆိုုင်ရာအကြံပေးကော်မရှင်မှ အပြီးသတ် အစီရင်ခံစာတင်သွင်းပြီး အကြံ ပြုချက် (၈၈)ချက်ပေါ် ထွက်ခဲ့ကြောင်း၊ ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏အကြံပြုချက်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တို့၏ အကြံပြုချက်များသည် အတော်များများတူညီနေပါကြောင်း၊ အကြံပြုချက်များအား အကောင်အထည်ဖော်ရန် ကော်မတီဖွဲ့စည်း ဆောင်ရွက်နေပါကြောင်း၊ အကောင်အထည်ဖေါ်ဆောင် ရွက်နေသည့်အချိန်တွင်လည်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားခဲ့ပါကြောင်း၊ အဆိုပါအကြမ်းဖက်မှုများ ဖြစ်ပေါ်လာသည့်အတွက်ရေရှည်ဖြေရှင်းရန်၊ လတ်တလောဆောင်ရွက်ရမည့် လုပ်ငန်းများရှိလာသည့်အတွက်လိုအပ်ချက်အရ UEHRD “Union Enterprise For HumantarianAssistance, Resettlement and Development In Rakhine” ပြည်ထောင်စုစီမံကိန်းကိုဖွဲ့စည်းထားပါကြောင်း၊ မြန်မာနိုင်ငံသည် ဘာသာပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံတို့ ပေါင်းစည်းနေထိုင်ကြကြောင်း၊သို့ဖြစ်၍ ပြည်ထောင်စုစိတ်ဓာတ်နှင့်ပူးပေါင်း ဆောင်ရွက်ရန် UEHRD ကို ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ နေရပ်စွန့်ခွာကြသည့်သူများ မိမိနေရပ်တွင် ပြန်လည်နေရာချထားရန်၊ ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးရန်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်ပဋိပက္ခကင်းဝေးရေး ရည်ရွယ်ချက်များဖြင့် UEHRD ကို ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားအားလုံးသာမက ပြည်ပ ရောက်မြန်မာများပါ ပါဝင်နိုင်စေရန်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ အဆိုပါရည်ရွယ်ချက်များပြည့်မြောက် အောင် ဆောင်ရွက်ရာတွင်အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက် ကြမည်ဖြစ်ကြောင်း၊သို့ရာတွင်တိုင်းရင်းသားများကနိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်မျှတစွာဆောင်ရွက်စေလိုသည့်ဆန္ဒရှိကြကြောင်း၊နိုင်ငံတကာအဖွဲ့အစည်းများ၏ဆောင်ရွက်ချက်များသည်မမျှတဟုတိုင်းရင်းသားများကခံစားကြရကြောင်း၊တိုင်းရင်းသားများအတွက်လာရောက်ဆောင်ရွက်သည်ကိုကျေးဇူးတင်ပါကြောင်း၊တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်သည့်အချိန်တွင် လုံခြုံရေးနှင့်ပတ်သက် ၍ သုံးသပ်ဖော်ထုတ်ချက်များအရ နယ်စပ်လုံခြုံရေးအရေးကြီးကြောင်းကိုတွေ့ရှိရကြောင်း၊ ရခိုင် ဒေသ အတွက်ကုန်းပိုင်းနှင့် ရေပိုင်းနယ်စပ်များရှိသဖြင့် ကုန်းပိုင်းလုံခြုံရေးအတွက် နယ်စပ်ခြံစည်းရိုး ကာရံခြင်းကို ဆောင်ရွက်နိုင်သော်လည်းရေပိုင်းလုံခြုံရေးအတွက်အင်တိုက်အားတိုက် စနစ်တကျပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ အခက်အခဲများရှိသော်လည်း အားလုံးပူးပေါင်းဆောင်ရွက်ပါက ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ အကောင်အထည်ဖော်ရာတွင် တာဝန်ယူဆောင်ရွက်နေသည့် ဌာနများအပြင် ဒေသတွင်းနေထိုင်သူများ ဖြစ်သည့် ရခိုင်၊ မြို၊ဒိုင်းနက်၊ ခမီ၊ မရမာကြီး၊ သက်၊ ကမန်၊ ဟိန္ဒူနှင့် မွတ်ဆလင်များအားလုံးမှ ပူးပေါင်း ပါဝင်ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်း၊ လွတ်လပ်စွာသွားလာခွင့်တွင် မွတ်ဆလင်များသာမက တိုင်းရင်းသားလူနည်းစုများ၊ ဟိန္ဒူများတွင်လည်း အခက်အခဲ၊ အကြပ်အတည်းများ ခံစားနေရသည့်အတွက် ဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်သည့်နေရာတွင် လွတ်လပ် စွာသွားလာခွင့်ဆိုသည်မှာစည်းကမ်းဖြင့်သွားလာခွင့်ကိုဆိုလိုကြောင်း၊ ခရီးထွက်ပါကလူတိုင်း အထောက် အထားယူဆောင်သွားကြရမည်ဖြစ်ပါကြောင်း၊ လမ်းခရီးတွင်စစ်ဆေးမှုများရှိပါက ကြည်ဖြူစွာခံယူရမည် ဖြစ်ကြောင်း၊ ဒေသန္တရညွှန်ကြားချက်များရှိပါကလည်း လိုက်နာရမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊တရားသောဥပဒေများကိုတပြေးညီချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ပထမအချက်အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် ဦးစွာဆောင်ရွက်မည်ဟု သမ္မတ သစ်မှမိန့်ကြားထားကြောင်း၊ ဒုတိယအချက်အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်း ရေးအတွက်လည်းဦးစားပေးဆောင်ရွက်သွားမည်ဟု ပြောကြားထားကြောင်း၊ တိုင်းရင်းသား အားလုံး သင့်မြတ်အောင်ဆောင်ရွက်နိုင်မှသာ ပဋိပက္ခကင်းဝေးမည်ဖြစ်ကြောင်း၊ တတိယအချက်အနေဖြင့် အများ လိုလားတောင့်တသော ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရန်ဖြစ်ကြောင်း၊ တက်ရောက်လာသူ များ တွင် ပြည်သူမှတင်မြှောက်ရွေးချယ်ထားသော လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ (ပြည်ထောင်စုနှင့် ပြည်နယ်အဆင့်)များ၊ လူ့အဖွဲ့အစည်းကိုယ်စားလှယ်များပါဝင်ပါကြောင်း၊ ရခိုင်ပြည်နယ် တွင်နေထိုင်ကြသူများ၏ အခက်အခဲအကြပ်အတည်းများ ပြေလည်စေရန် အန္တရာယ်မရှိသော၊ ဥပဒေကို ဆန့်ကျင်ရာမကျသော ဖြေလျော့မှုများ၊ ကန့်သတ်မှုများကို ပယ်ဖျက်ခြင်းများ ဆောင်ရွက်နေကြောင်း၊ မီဒီယာများသည်လည်း တာဝန်ရှိသူများပြောကြားသော စကားများ၊အကြောင်းအရာများ၏ အဓိပ္ပာယ်ကို အဆုံးထိလေ့လာနားလည်ထားရန်လိုကြောင်း၊ တစ်ခွန်းရတစ်ခွန်းထုတ်ပြန်ခြင်းမလုပ်ဘဲ သတင်းများကို မှန်မှန်ကန်ကန်ထုတ်ပြန်ရန်လိုကြောင်း၊ တက်ရောက်လာကြသော မတူညီသည့်ဘာသာပေါင်းစုံ၊ လူမျိုး ပေါင်းစုံတို့၏ ကြိုတင်အစည်းအဝေးပြုလုပ်၍ ဆွေးနွေးမှုရလဒ်များ၊ ယနေ့ဆွေးနွေးမှုများမှ ထွက်ပေါ်လာ သောရလဒ်များကို ဖြန့်ဝေပေးရန်လိုကြောင်း၊ သက်ဆိုင်ရာဒေသအသီးသီးတွင်လည်း ယခုကဲ့သို့တွေ့ဆုံ မှုများဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိဂုံးချုပ်အနေဖြင့် မိမိတို့အစိုးရအနေဖြင့် နည်းလမ်းပေါင်းစုံနှင့် အကောင် အထည်ဖော်ဆောင်ရွက်နေကြောင်း၊ လိုအပ်ချက်များကိုလည်း နိုင်ငံတော်အစိုးရက ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်၊ မြို၊ဒိုင်းနက်၊ခမီ၊မရမာကြီး၊ သက်၊ ကမန်၊ ဟိန္ဒူနှင့် မွတ်ဆလင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။
@Unicode Version@