၂၈.၄.၂၀၁၈
ငြိမ်းချမ်ရေးတွဲလက်များ (Wheel Chair ရထား) ကော့သောင်း-ရန်ကုန် ငြိမ်းချမ်းရေးခရီးစဉ်တွင် ကော့သောင်းမြို့မှ ရန်ကုန်မြို့အထိပါဝင်ခဲ့ကြသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)တွင်ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက “ယနေ့အခမ်းအနားတွင် ဂုဏ်ပြုရမည့်သူများသည် မသန်သော်လည်းစွမ်းကြ သော သူများဖြစ်ပြီးဂုဏ်ပြုထိုက်သူများ ဖြစ်ပါကြောင်း၊ ကိုယ်အင်္ဂါမသန်စွမ်းကြသော်လည်း စိတ်ဓာတ် စွမ်းအင်မြင့်မားကြသူများဖြစ်ကြသဖြင့် ယခုကဲ့သို့သောအလုပ်အား အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ခြင်းကို ဂုဏ်ယူပါကြောင်း၊ အစိုးရအနေဖြင့် တာဝန်စတင်ထမ်းဆောင်ကတည်းကတိုင်းရင်းသားအရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါတွင် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ကိုဦးတည်ဆောင်ရွက်လျက်ရှိရာ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရေးသည် အဓိက ဖြစ်ပါကြောင်း၊ ပြည်သူအားလုံးက ငြိမ်းချမ်းရေးကို တောင့်တနေကြချိန်လည်းဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံကိုကျင်းပလျက်ရှိရာ ပြည်သူများ၏ပါဝင်မှုသည် အရေးကြီး ပါကြောင်း၊ ယခုငြိမ်းချမ်းရေးခရီးစဉ်သည် ပြည်သူများထဲကမသန်စွမ်းများ၏ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက် ချက်ဖြစ်၍ ဂုဏ်ယူစရာကောင်းပါကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်လျှင် ကလေးဘဝမူကြိုအရွယ်ကစပြီး ငြိမ်းချမ်းရေး၏အဓိကအချက်ဖြစ်သော ပြည်ထောင်စုစိတ်ဓာတ်ကိုသက်ဝင်အောင် ကြိုးစားဆောင်ရွက်ကြရန် လိုကြောင်း၊ ငြိမ်းချမ်းရေးတွဲလက်များ Wheel Chair ရထားအဖွဲ့၏ ဆောင်ပုဒ်ဖြစ်သော “တို့လိုချင်တဲ့ ငြိမ်းချမ်း ရေး နှုတ်ကဖွင့်ဟပြောကြားပေး”ဆိုသည့်အတိုင်း အချင်းချင်းငြိမ်းချမ်းရေးကိုရှေးရှုသော ပြုမူပြောဆို ဆောင်ရွက်ချက်များကို ပြောကြားလုပ်ဆောင်နေကြသကဲ့သို့ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့တစ်ဦးချင်း စွမ်းနိုင်သည့်နည်းဖြင့် ပါဝင်ဆောင်ရွက်နေကြစေလိုပါကြောင်း၊ ဤမသန်စွမ်းသူများ၏ ငြိမ်းချမ်းရေးတွဲလက် များ (Wheel Chair ရထား) ခရီးစဉ်သည် တတိယအကြိမ်မြောက်ဖြစ်ပြီးဆက်လက်၍လည်း ကြိုးပမ်း ဆောင်ရွက်သွားမည်ကိုသိရှိရသဖြင့် အားပေးဂုဏ်ယူပါကြောင်း၊ ဤအစီအစဉ်တွင်ပါဝင်ခဲ့သူများနှင့် ပံ့ပိုး ဆောင်ရွက်ကြသူများအားလုံးကိုဂုဏ်ယူပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ကဂုဏ်ပြုစကား ပြောကြားခဲ့ပြီး ငြိမ်းချမ်း ရေးခရီးစဉ် သွားရောက်ခဲ့သူများ၊ ပံ့ပိုးခဲ့ကြသူများကိုဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းနှင့် စုပေါင်းအမှတ် တရဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။