လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းရာမှ ထွက်ပေါ်လာသော မီးခိုးငွေ့များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြည်သူလူထုနှင့်တွေ့ဆုံရှင်းလင်းမှုသတင်း

27_Pic_04 27_Pic_05
၂၆.၄.၂၀၁၈၊ ရန်ကုန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာ မြို့နယ် ထိန်ပင်အမှိုက်ပုံမီးလောင်ကျွမ်းနေခြင်းနှင့်ပတ်သက်၍ သွားရောက် ကြည့်ရှုခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မီးငြိမ်းသတ်မှုဆောင်ရွက်နေသော မီးသတ်တပ်ဖွဲ့ဝင်များ၊ လှိုင်သာယာမြို့နယ်ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသောဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အလှူရှင်ပြည်သူများ နှင့်တွေ့ဆုံ၍လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခြင်းနှင့် ကူညီထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် လှိုင်သာယာ(၁၈)ရပ်ကွက် အေးရိပ်သာဓမ္မာရုံသို့သွားရောက်၍ ပြည်သူလူထုနှင့်တွေ့ဆုံကာ အားပေးစကား ပြောကြားခြင်း၊ အမှိုက်ပုံမီးငြိမ်းသတ် ဆောင်ရွက် နေသည့်လုပ်ငန်းစဉ်များ၊  ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့ ပေါင်းစပ် ဆောင်ရွက်နေသည်များနှင့်ပတ်သက်၍ ဒေသခံပြည်သူများသို့ ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူများလက်တွေ့ကြုံတွေ့ နေရသည့် အခက်အခဲများကို မေးမြန်းခဲ့ပြီး  တက်ရောက်လာသည့် ပြည်သူများက တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ (၂၀)ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် တပ်မတော်နယ်လှည့်ဆေးကုသရေးစခန်းသို့ ရောက်ရှိပြီး ဆေးကုသ ပေးနေမှုများ၊ အရေးပေါ်လက်ခံကုသရန် စီစဉ်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုပြီး အားပေးစကားပြောကြားခြင်းများ ပြုလုပ်ခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့်အတူ ရွှေလင်ပန်းရပ်ကွက် ကျုံစု ကျေးရွာ အမှတ်(၇)အခြေခံပညာ မူလတန်းကျောင်းတွင် ပြည်သူများအား အားပေးစကားပြောကြားခြင်း၊ အမှိုက်ပုံ မီးငြိမ်းသတ် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် မီးခိုးငွေ့များသည် ရေရှည်တွင် ကျန်းမာရေးကို ထိခိုက်နိုင်သဖြင့် ပြည်သူများ၊ အထူးသဖြင့်  သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးငယ်များနှင့် နာတာရှည်ရောဂါ ခံစားနေရသူများအား မီးခိုးငွေ့လွတ်ကင်းရာ နေရာသို့ ယာယီပြောင်းရွှေ့စောင့်ရှောက်မှု ပေးနိုင်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ဒေသခံပြည်သူများသို့ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက် လာသည့် ပြည်သူများမှ မေးမြန်းချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပြန်လည် ရှင်းလင်းဖြေကြားခဲ့ပါသည်။
ထို့နောက် လှိုင်သာယာပြည်သူ့ဆေးရုံတွင် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ မီးငြိမ်းသတ်ခြင်း၊ မီးခိုးငွေ့များ ပပျောက်အောင် ဆောင်ရွက်ခြင်းများနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့် ပူးပေါင်းဆောင်ရွက်နေသည့် အစီအစဉ်များ၊ BIO-FOAM အသုံးပြု၍ မီးငြိမ်းသတ်ခြင်း၊ အရှေ့တောင်အာရှနိုင်ငံများ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းမှုဌာန (AHA Centre)နှင့်ဆက်သွယ်ဆောင်ရွက်ထားရှိမှု၊ အရေးပေါ်တုံ့ပြန်ရေးနှင့်ဆန်းစစ်မှုအဖွဲ့ ( ERAT Team)၏ နည်းပညာဆိုင်ရာ ပံ့ပိုးမည့်အစီအစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မီးငြိမ်း သတ်ရာတွင် ပါဝင်ဆောင်ရွက်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ စုစုပေါင်း (၈၃၀)ဦးအတွက် ငွေကျပ် (၂၄၉၀၀၀၀)အား ပေးအပ်လှူဒါန်းခဲ့ပြီး ဆေးရုံတွင် ယနေ့ ထပ်မံတက်ရောက်ကုသမှုခံယူနေသူ (၁၁)ဦး နှင့် ယခင်တက်ရောက်နေသူ (၁၃)ဦးအတွက် တစ်ဦးလျှင် ကျပ်(၅၀၀၀၀)နှုန်း၊ စုစုပေါင်း(၂၄)ဦးအတွက် ငွေကျပ် (၁၂)သိန်းအား ထောက်ပံ့ပေးခဲ့ပါသည်။
ဆက်လက်၍ လှိုင်သာယာ(၆)ရပ်ကွက် အ.လ.က (၁)တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ယာယီ ဆေးကုသမှုစခန်းသို့ရောက်ရှိပြီး လူနာများအား စောင့်ရှောက်မှုပေးနိုင်မည့်အခြေအနေ၊ ပြောင်းရွှေ့နေထိုင်ရန်လိုအပ်သည့် ပြည်သူ များအတွက် စီစဉ်ထားရှိမှုများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တပ်ဆင်ထားသည့် လေထုညစ်ညမ်းမှုတိုင်းတာသည့် ကိရိယာအား ကြည့်ရှုခဲ့ပါသည်။
အဆိုပါ ပြည်ထောင်စုဝန်ကြီး၏ခရီးစဉ်တွင် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေနှင့် ညွန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events