၀န်ကြီးဌာန၏မူဝါဒများ အကောင်အထည်ဖော်ဆောင်ရာတွင် ဦးစားပေးဆောင်ရွက်ရမည့် ရည်မှန်းချက်ပန်းတိုင်များ၊ အကောင်အထည်ဖော်ရန် နည်းစနစ်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆွေးနွေးရှင်းလင်းမှုသတင်း

24_Pic_01
၂၃-၄-၂၀၁၈၊ နေပြည်တော်

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးရာတွင် မိမိတို့ပြည်သူ့အစိုးရအနေဖြင့် ပြည်သူ့ အကျိုးကို ဖော်ဆောင်ရာတွင် ဝန်ကြီးဌာနက ချမှတ်ထားသော မူဝါဒများကို ထိရောက်စွာ အကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူများ၏ အခွင့်အရေးများကို ဖော်ဆောင်ရာတွင် ပဋိသန္ဓေတည်သည်မှ သက်ကြီးရွယ်အိုအထိ ပြည်သူ များအတွက် တရားသောဥပဒေများ စိုးမိုးရန် လိုအပ်သောဥပဒေများ အသစ်ရေးဆွဲခြင်း မတရားသော ဥပဒေများ ပယ်ဖျက် ပြင်ဆင်ခြင်းများပြုလုပ်လျက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဌာနအတွင်းနှင့် ဌာနအချင်းချင်းရှိ ဝန်ထမ်းများ သဟဇာတဖြစ်ရေး၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး၊ သဘောထားကွဲလွဲခြင်းကြောင့့် ဖြစ်ပေါ်လာနိုင်သည့် ပဋိပက္ခများ ကင်းဝေးရေးတို့ကို အစဉ်သတိဖြင့် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီက ကိုယ့်တာဝန်ကိုသိပြီး ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်လိုအပ်ပါကြောင်း၊ ပြည်သူ့ဆန္ဒအမှန်ကိုသိရှိရန် ကြိုးစားပြီး ပြည်သူ့လိုအပ်ချက်ကို လက်တွေ့ကျကျတုန့်ပြန် ဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားရမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ထမ်းများသည်လည်း ပြည်သူများပင်ဖြစ်ရာ ဒီမိုကရေစီစနစ်ကို ပီပြင်စွာ ဖော်ဆောင်ရန် မိမိတို့အပါအဝင် ပြည်သူများ၏အရည်အချင်းသည် အရေးကြီးကြောင်း၊ ထို့ကြောင့် မိမိတို့တစ်ဦးချင်း အရည်အချင်း ပြည့်ဝအောင် ကြိုးစားကြစေလိုကြောင်း၊ မိမိတို့အသီးသီးတွင် ပြည်ထောင်စုစိတ်ဓာတ် ကိန်းအောင်းနေမှသာ မျှော်မှန်းသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများက ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

ယနေ့ဝန်ထမ်းများနှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် သမ္မတ ဦးဝင်မြင့်၏ ပြည်ထောင်စု လွှတ်တော်တွင် ကတိသစ္စာပြုပွဲ အခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်း၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးအခါသမယတွင် ပြောကြားသည့် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင်မှု (၂)နှစ် ပြည့်မိန်ခွန်းပါ အချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events