ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာထောက်ထားမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးပြည်ထောင်စုစီမံကိန်း(UEHRD)၏ စေတနာ့ဝန်ထမ်း လူငယ်အစီအစဉ် (ဆဌမအကြိမ်)လုပ်ငန်းခွင်အကြိုသင်တန်းအား (၂၂-၄-၂၀၁၈)နေ့ နံနက်ပိုင်း တွင် ရန်ကုန်မြို့၊ သံလွင်လမ်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန၌ ကျင်းပခဲ့ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနများမှ တာဝန်ရှိပုဂိ္ဂုလ်များ၊ ဖိတ်ကြားထားသူများ၊ သင်တန်းနည်းပြများ၊ Onlineမှ လျှောက်ထားသည့် စေတနာ့ဝန်ထမ်းလူငယ်များ၊ ဗြဟ္မစိုရ်အသင်း၊ HCYTအဖွဲ့နှင့် လူရည်ချွန်အဖွဲ့(ရခိုင်ပြည်နယ်) တို့မှ စေတနာ့ဝန်ထမ်းလူငယ််များ တက်ရောက်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးသန်းထွဋ်ဆွေမှ အဖွင့်အမှာစကားပြောကြားရာတွင် စေတနာ့ဝန်ထမ်းလူငယ်များအနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရန်အတွက် တတပ်တအား ပူးပေါင်းပါဝင်ဆောင်ရွက်မှုအား အသိအမှတ်ပြုဂုဏ်ယူပါကြောင်း၊ ယခုကဲ့သို့ UEHRD စေတနာ့ဝန်ထမ်းလူငယ်အစီအစဥ် လုပ်ငန်းခွင်အကြိုသင်တန်း(၃)ရက်တာ ကျင်းပရ ခြင်းသည် ရခိုင်ပြည်နယ်ရှိ ပဋိပက္ခတွေ့ကြုံခံစားရသောဒေသများတွင် နေထိုင်သူများအား အခြေခံ စာရေရိက္ခာများထောက်ပံ့ခြင်း၊ စာရင်းဇယားများကောက်ယူခြင်း စသောလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထားရှိရမည့် လူသားချင်းစာနာထောက်ထားမုှဆိုင်ရာ အခြေခံစည်းမျဉ်း များ၊ ထားရှိရမည့် စိတ်သဘောထားများ၊ ဆောင်ရွက်ရမည့် လုပ်ငန်းများအား သိရှိနားလည် သဘောပေါက်စေရန် ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ယခုသင်တန်းနှင့် ဆက်လက် ဆောင်ရွက်မည့် ထောက်ပံ့ရေး ကွင်းဆင်းခရီးစဉ်မှရရှိသော အတွေ့အကြုံကောင်းများ၊ ပညာဗဟုသုတများကို မိမိတို့ဘဝ တိုးတက်ရေးအတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကျိုးရှိစွာ အသုံးပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ စေတနာ့ဝန်ထမ်းလူငယ်အစီအစဉ်ကို ၂၀၁၇ခုနှစ် နိုဝင်ဘာလတွင်စတင်ခဲ့ရာ ပဥ္စမအကြိမ်မြောက်အထိ စေတနာ့ဝန်ထမ်းလူငယ် စုစုပေါင်း(၂၇၄)ဦး၏ အင်အားနှင့်အတူ အကျိုးခံစားခွင့်ရှိသူလူဦးရေ (၅၆၀၂၀)ဦးအား လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုလိုအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းမှာ မြန်မာပြည်တစ်ဝှမ်းရှိ စေတနာ့ဝန်ထမ်းလူငယ်များ၊ လူထုအခြေပြု စေတနာ့ဝန်ထမ်းအဖွဲ့များမှ တက်ကြွစွာ ပူပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် ဖြစ်ပါကြောင်း၊ တိုင်းပြည်အကျိုး အများအကျိုးအတွက် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်း အားဖြည့်ကူညီ ဆောင်ရွက်ပေးပါသော စေတနာ့ဝန်ထမ်းများအား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ဆဌမအကြိမ်မြောက် စေတနာ့ဝန်ထမ်းခရီးစဥ်တွင်လည်း လူငယ်အချင်းချင်း တစ်ဦးကိုတစ်ဦး မောင်ရင်းနှမသဖွယ် ချစ်ခင်စည်းလုံးစွာဖြင့် ဝိုင်း၀န်း စောင့်ရှောက်ကူညီကြရန် လိုအပ်ကြောင်း နှင့် ရက်ရှည်ခရီးစဥ်ဖြစ်သည့်အတွက် ကျန်းမာရေးအထူးဂရုစိုက်ကြရန်နှင့် အသင်းအဖွဲ့ စိတ်ဓါတ် ဖြင့် စုပေါင်းဆောင်ရွက်တတ်အောင် ကြိုးစားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြား သွားပါသည်။
ထို့နောက် သင်တန်းဖွင့်ပွဲသို့တက်ရောက်လာကြသော စေတနာ့ဝန်ထမ်းများနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းအား ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဆဌမအကြိမ်မြောက်လုပ်ငန်းခွင်အကြိုသင်တန်းအား (၂၂-၄-၂၀၁၈)နေ့မှ (၂၄-၄-၂၀၁၈) နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းပြီးမြောက်ချိန်တွင် ရခိုင်ပြည်နယ်ရှိ မောင်တောဒေသတွင် လူသားချင်းစာနာထောက်ပံ့မှုအကူအညီပေးရေးလုပ်ငန်းများအား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။