
=================================================
၁၈-၄-၂၀၁၈၊ စစ်တွေ
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြနလည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့သည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ (၁၈-၄-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့မှ မောင်တောမြို့သို့ ရဟတ်ယာဉ်ဖြင့် ထွက်ခွာရာ ပထမဦးစွာ သစ်တုံးနားခွဆုံကျေးရွာသို့ ရောက်ရှိပြီး ပြန်လည်တည်ဆောက်ပြီးသည့်အိမ်များတွင် မြိုတိုင်းရင်းသား အိမ်ထောင်စု (၃၅) စုအား ပြန်လည်နေရာချထားပေးမည့် အခြေအနေတို့ကိုကြည့်ရှုပြီး ၎င်းတို့၏ လိုအပ်ချက်များ တင်ပြမှုအပေါ် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခုံတိုင်ကျေးရွာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ နေအိမ်များတည်ဆောက်ပြီးစီးမှုနှင့် နေရာချထားပေးမှုအခြေအနေကို ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၁၂-၄-၂၀၁၈) ရက်နေ့က မီးလောင်ကျွမ်းခဲ့သည့် ငါးခူရကျေးရွာသို့ ရောက်ရှိပြီး မီးဘေးသင့်ပြည်သူများကို ယာယီနေရာချထားပေးမှုအခြေအနေ၊ ကူညီထောက်ပံ့ပေးနေမှုအခြေအနေနှင့် မီးလောင်ကျွမ်းမှုဖြစ်ပွားရသည့်အခြေအနေကို မေးမြန်းခဲ့ပါသည်။ ထို့နောက် ငါးခူရ ပြန်လည်လက်ခံရေးစခန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မီးလောင်ဆုံးရှုံးခဲ့သည့်နေအိမ်များ ပြန်လည်တည်ဆောက်ပေးနိုင်ရေး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှဖိုးခေါင်ကြားစခန်း၌ ပြန်လည် ဝင်ရောက်လာသူများအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများ၊ အဆောက်အဦ တည်ဆောက်ပြီးစီးမှုနှင့် ကျန်းမာရေးဆေးခန်းထားရှိမည့်နေရာတို့ကို ကြည့်ရှုခဲ့ပြီး ကျန်ရှိသော အဆောက်အဦများအမြန်ဆုံးတည်ဆောက်ပြီးစီးရေး ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ မောင်တောဒေသအကြမ်းဖက်မှုဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာသွားကြသူများအနက် နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး ရောက်ရှိနေထိုင်ခဲ့သော အစ္စလာမ်ဘာသာဝင် အက်ဖ်တာအာလွမ်ပါမိသားစု (၅) ဦးနှင့်တွေ့ဆုံခဲ့ပြီး ပြန်လည်ဝင်ရောက်လာမှု အခြေအနေနှင့်အတွေ့အကြုံများ၊ အခက်အခဲများအား မေးမြန်းပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မောင်တောခရိုင် ရခိုင်ရိုးရာရေကစားမဏ္ဍပ်သို့ ရောက်ရှိပြီး ပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိပြီး ခေါင်းဒုတ်ကား IDP စခန်းသို့ သွားရောက်ကြည့်ရှုကာ စခန်းပိတ်သိမ်းနိုင်ရေးနှင့် ပြန်လည်နေရာချထားရေးကိစ္စရပ်များနှင့်ပတ်သက်၍ စခန်းတာဝန်ခံများနှင့် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ (၁၇.၄.၂၀၁၈)ရက်နေ့ ညနေပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိကာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဦးညီပု၊ ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီး ဦးအောင်ကျော်ဇံနှင့် ဌာနဆိုင်ရာအကြီး အကဲများအား တွေ့ဆုံခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်၍ ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ရခိုင်ဒေသတည်ငြိမ်အေးချမ်းရေးဖော်ဆောင်ရာတွင် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ၂၀၁၂ ခုနှစ်မှစ၍ ဖွင့်လှစ်ခဲ့သော စစ်တွေ၊ ပေါက်တော၊ ကျောက်တော်၊ မြေပုံ၊ ကျောက်ဖြူမြို့တို့ရှိ IDP စခန်းများအား ပိတ်သိမ်းရေးကိစ္စရပ်များ၊ NVC ကိုင်ဆောင်ရေးကိစ္စရပ်များ အရှိန်မြှင့်ဆောင်ရွက်ရေး၊ NVC ကိုင်ဆောင်ရခြင်း၏ အကျိုးကျေးဇူး (၈) ချက်အား အောက်ခြေအထိ သိရှိနားလည်သဘောပေါက်လာစေရန် ကျယ်ပြန့်စွာ အသိပညာပေး ရန်အတွက် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ NVC ကိုင်ဆောင်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလက်လှမ်းမီ ရရှိရေး၊ အဆင့်မြင့်ပညာဆက်လက်သင်ကြားရေး ကိစ္စရပ်များ၊ မောင်တောမြို့နယ်ရှိ နေရပ်စွန့်ခွာသူများအတွက် ဆောက်လုပ်ပြီးနေအိမ်များတွင် တိုင်းရင်းသားဒေသခံများနှင့် မွတ်ဆလင်များအား အလျင်အမြန် ပြန်လည်နေရာချထားပေးရေးနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေး ကူညီ ဆောင်ရွက်ပေးရန်ကိစ္စရပ်များ၊ လယ်ယာမြေများ ပြန်လည်လုပ်ကိုင်ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ(၅)သန်းနှုန်းဖြင့် စုစုပေါင်း(၅)နှစ် ထောက်ပံ့မှုဖြင့် ဆောင်ရွက်ပေးမည့် လုပ်ငန်းကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။