
=================================================
၁၀-၄-၂၀၁၈ နေပြည်တော်
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (အိုင်အိုအမ်)တို့ ပူးပေါင်း၍ “မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းခြင်းဆိုင်ရာနှစ်နိုင်ငံ စံလုပ်ငန်းအစီအစဉ် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနား” ကို နေပြည်တော် Parkroyal ဟိုတယ်တွင် (၁၀-၄-၂၀၁၈) ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ရာ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသည် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ တတိယ ငါးနှစ် စီမံကိန်း၏ ၂၀၁၈ ခုနှစ်၊ လုပ်ငန်းစီမံချက်မှ လုပ်ငန်းတစ်ရပ်ဖြစ်ပြီး ဤစာအုပ်တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များအရ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား လူကုန်ကူးခံရသူများ နေရပ်ပြန်ရေးအတွက် အကူအညီပေးရာတွင် နှစ်နိုင်ငံလိုက်နာရမည့် စံလုပ်ငန်း အစီအစဉ်များကို ရေးဆွဲဖော်ပြထားပါသည်။ မြန်မာနိုင်ငံတော်အစိုးရနှင့် ထိုင်းနိုင်ငံအစိုးရတို့သည် လူကုန်ကူးခံရသူများ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေးအတွက် အကူအညီများ ပံ့ပိုးပေးခြင်းကို ပူးပေါင်းဆောင်ရွက်လာခဲ့သည်မှာ ဆယ်စုနှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းခြင်းဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်း အစီအစဉ်ကို ၂၀၁၃ ခုနှစ်၊ မတ်လတွင် မြန်မာနိုင်ငံ၊ နေပြည်တော်၌လည်းကောင်း၊ စံလုပ်ငန်း အစီအစဉ်၏ နောက်ဆက်တွဲများကို ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့၌လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါ စံလုပ်ငန်းအစီအစဉ်အား မြန်မာနှင့် ထိုင်းနိုင်ငံအကြား ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နှစ်နိုင်ငံပူးတွဲ လုပ်ငန်းအစီအစဉ်ရေးဆွဲ၍ ၂၀၁၇ ခုနှစ် မတ်လတွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါသည်။ ယခု မြန်မာ-ထိုင်း စံလုပ်ငန်းအစီအစဉ်ပါ လုပ်ငန်းစဉ်များသည် ထိုင်းနိုင်ငံမှ မြန်မာ လူကုန်ကူးခံရသူများ၏ နေရပ်ပြန်ရေးနှင့် ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးလုပ်ငန်းစဉ်များ တစ်လျှောက် လူကုန်ကူးခံရသူ၏ အကျိုးစီးပွားကို ဦးတည်သည့်နည်းလမ်းဖြင့် ကာကွယ်စောင့်ရှောက်ရေးနှင့် အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာပါဝင် လုပ်ဆောင်သူများအားလုံးအတွက် လမ်းညွှန်များနှင့် လုပ်ထုံးလုပ်နည်းများကို ဖော်ပြထားခြင်း ဖြစ်ပါသည်။ အဆိုပါစံလုပ်ငန်းအစီအစဉ်သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မှုများမှ သိသာထင်ရှားသော အောင်မြင်မှုတစ်ရပ်ဖြစ် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော်မှ စံလုပ်ငန်းအစီအစဉ်ပါလုပ်ငန်းရပ်များအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းတို့က “မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းခြင်းဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ်စာအုပ်များကို တက်ရောက်လာကြသူများအား ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။