လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်များကို ပံ့ပိုးကူညီဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ရောက်ရှိ

9 Pic 01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ရှိ ဗဟိုသာသနာပြုကျောင်း ဆရာတော်ထံ သို့သွားရောက်ဖူးမျှော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။            ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ရုံးတွင် ဒေသဥက္ကဌ ဦးကျောက်ထယ်ချန် ဦးဆောင်သော ဦးစီး အဖွဲ့များနှင့် တွေ့ဆုံရာ အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို ပထမဦးစားပေးအနေဖြင့်ဆောင်ရွက်နေပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှု ကိုလည်း တပြိုင်တည်းဆောင်ရွက်ပြီဖြစ်ကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ၏ ပြည်ထောင်စု၏ သဘောတူညီချက်များကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သည့်အနေဖြင့် လာရောက်ခြင်းလည်းဖြစ်ကြောင်း၊ ပဋိပက္ခများကြောင့် ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန် ပူးပေါင်းဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တာဝန်ရှိသူများသည် ပြည်နယ်အစိုးရနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်းပါကြောင်း၊ ပြည်ထောင်စု အစိုးရကလည်း အကောင်းဆုံးပူးပေါင်းကူညီမည်ဖြစ်ကြောင်းဖြင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားပါသည်။                        ဆက်လက်၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးကျောက်ထယ်ချန်က အစိုးရသစ်တာဝန်ယူသည့်ကာလအတွင်း မိမိတို့ဒေသတွင် ဆောင်ရွက်ပေးခဲ့သော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်ကလည်း ၂၀၁၅ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာခဲ့ကြသော ပြည်သူများအတွက် ပြန်လည်နေရာချထားပေးမှုအခြေအနေများနှင့် ပတ်သက်၍လည်း ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်ဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။                            ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူလူထုများနှင့်တွေ့ဆုံပြီး အမှာစကားပြောကြားရာတွင် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသအတွင်း အားလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို တွေ့ရှိရသဖြင့် ဝမ်းသာဂုဏ်ယူပါကြောင်း၊ အစိုးရနှင့်တာဝန်ရှိသူများသည် ပြည်သူ၏လိုအပ်ချက်များကို ဆောင်ရွက်ပေးရမည်ဖြစ်ပြီး အဓိကလိုအပ်ချက်မှာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးရရှိရန် သာတူညီမျှခံစားခွင့်ရရှိပြီး ညီညွှတ်စွာ အတူပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ယခုအခါဥပဒေ၊ နည်းဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များကို ပြည်သူ့အတွက် တရားမျှတမှုရှိရန် အသစ်ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းများဆောင်ရွက်နေပါကြောင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းအခန်းကဏ္ဍကအရေးပါလာပြီး အစိုးရ၊ လွှတ်တော်နှင့် ပြည်သူများပူးပေါင်းကာ ဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာတွင် လူမှုအဖွဲ့အစည်းများကိုအားကိုးပါကြောင်းနှင့် ငြိမ်းချမ်းပြီး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ပေါက်လာရေး အတွက် အားလုံးက ယုံကြည်မှုဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းပြောကြားပြီး တိုက်ပွဲရှောင် မိသားစု(၆၅၇)စုအတွက် ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရန် ကျပ်(၁၃၁၄)သိန်း နှင့် ကျပ် သိန်း(၁၄၄၀)တန်ဖိုးရှိ ဇင့်သွပ် (၁၂၀၀၀)ချပ်တို့ကို ထောက်ပံ့ ပေးရာတာဝန်ရှိသူများက လက်ခံရယူပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖွဲ့ ဥက္ကဌ ဦးကျောက်ထယ်ချန်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ဒေသတွင်းတိုက်ပွဲရှောင် မိသားစုများအတွက် အိမ်ယာများတည်ဆောက်ပေးနေမှု အခြေ အနေများ၊ လောက်ကိုင်မြို့တွင်း ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိမှု အခြေအနေများကို လှည့်လည် ကြည့်ရှုခဲ့ပါသည်။                            ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချင်းရွှေဟော်မြို့သို့ ရောက်ရှိကြပြီး ချင်းရွှေဟော်မြို့ရှောင်လမ်းဖောက်လုပ်ရန်လျာထားသည့် မြေနေရာ၊ မြန်မာ-တရုတ် ချင်းရွှေဟော် အထူးစီးပွားရေးဇုန်စီမံကိန်းမြေနေရာလျာထားမှုနှင့် ချင်းရွှေဟော် လူငယ်အသင်း ကိုယ်ထူကိုယ်ထ မူကြိုကျောင်းကိုလည်းကြည့်ရှုခဲ့ပါသည်။           ထို့နောက် ကွမ်းလုံမြို့သို့ ရောက်ရှိကြပြီး ကွမ်းလုံမြို့အနီး သံလွင်မြစ်ကူးတံတားသစ် ဆောက်လုပ်ရန် လျာထား သည့်နေရာကိုကြည့့်ရှုခဲ့ပါသည်။                                 ခရီးစဉ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်၊ ဗမာ တိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှတာဝန်ရှိသူများ လိုက်ပါခဲ့ ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events