
ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင်ရောက်ရှိနေသောရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီတွဲဖက်အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် နိုင်ငံတောာ် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးခင်မောင်တင်နှင့် ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဦးအောင်ကျော်ဇံတို့သည် (၄-၄-၂၀၁၈)ရက်နေ့ မွန်းလွဲပိုင်းတွင် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦစီးဌာနရုံး၌ ဘူးသီးတောင်မြို့နယ်နှင့်မောင်တောမြို့နယ်တို့မှ အစ္စလာမ် ဘာသာဝင်ခေါင်းဆောင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာတာဝန်ခံများအားတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးများကတွေ့ဆုံပြီးတစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာမတိမ်းရှောင်ဘဲကျန်ရှိနေသည့် အစ္စာလာမ်ဘာသာဝင်များအတွက် အလုပ်အကိုင်များဖန်တီးဖော်ဆောင်ပေးရန်ဖြစ်ကြောင်း၊ ယခုရာသီသည် မိုးကျတော့မည်ဖြစ်၍ စိုက်ပျိုးရေးလုပ်ငန်းများနှင့်ငါးပုဇွန်လုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်ရန် ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ မောင်တောဒေသသို့ဖွံ့ဖြိုးရေးလုပ်ငန်းများလုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးတို့အတွက် မူဆလင်ဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များနှင့် ရခိုင်တိုင်းရင်းသားများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း၊ မောင်တောနှင့် ဘူးသီးတောင်ဒေသများတွင် အကြမ်းဖက်ဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်းတွင် စားဝတ်နေရေးအခက်အခဲများဖြစ်ခဲ့သည့်အတွက် နိုင်ငံတော်အစိုးရ၊ UEHRDနှင့် အဖွဲ့အစည်းများကကူညီထောက်ပံ့ပေးလျက် ရှိကြောင်း၊ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရန် လှုံ့ဆော်ပေးမှုများရှိနေသောကြောင့် နေရပ်စွန့်ခွာမသွားကြရန် ဘာသာရေးခေါင်းဆောင်များအနေဖြင့် အသိပညာများပေးရန်လိုကြောင်းစသည်တို့ကိုပြောကြားဆွေးနွေးခဲ့ပြီးဘူးသီးတောင်၊ မောင်တောမြို့နယ်ရှိဘာသာရေးခေါင်းဆောင်များကပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် စားဝတ်နေရေးတို့ အဆင်ပြေစေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရန် စသည်တို့ကိုတင်ပြရာဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးနှင့် မောင်တောခရိုင်အုပ်ချုပ်ရေးမှူး တို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ဒုတိယဝန်ကြီးများနှင့်အဖွဲ့သည် မောင်တောမြို့နယ် လှဖိုးခေါင်ယာယီပြန်လည် လက်ခံရေးသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာလှဖိုးခေါင်စခန်းတာဝန်ခံနှင့် ခရိုင်အုပ်ချုပ်ရေးမှူး တို့ကစခန်းတည်ဆောက်ထားမှုအခြေအနေများကိုရှင်းလင်းတင်ပြကြပါသည်။
အဆိုပါ ယာယီလက်ခံရေးစခန်းကိုဇန်နဝါရီလ ၁၃ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီးအဆောက်အဦတည်ဆောက်မှု အရေအတွက် ၆၂၅ လုံးလျာထားချက်ဖြင့် တည်ဆောက်လျက်ရှိပြီးတည်ဆောက်မှုပြီးစီးပါကလူဦးရေ ၃၀၀၀၀ခန့် ထားနိုင်မည် ဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မောင်တောမြို့နယ်၊ ကိုင်းကြီးကျေးရွာ၊ ကိုင်းကြီးကျေးရွာဟောင်း၊ မောရဝတီ၊ ဥဒေါင်း၊သရေကုန်းဘောင်၊ ရွှေဗဟိုကျေးရွာများရှိရခိုင်တိုင်းရင်းသားများနှင့် မြိုတိုင်းရင်းသားများအားတွေ့ဆုံပြီးယခုစိုက်ပျိုးရာသီတွင်တိုင်းရင်းသားများအတွက် လယ်ယာမြေများတွင် စိုက်ပျိုးနိုင်ရန် မျိုးစေ့၊ မြေသြဇာ၊ လယ်ထွန်စက် စသည်များကိုကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ စားဝတ်နေရေးအတွက် အခက်အခဲရှိနေသည့် တိုင်းရင်းသားများအတွက် တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ခဲ့ပါသည်။
ထို့နောက် တိုင်းရင်းသားများက ၎င်းတို့လိုအပ်ချက်များကိုတင်ပြကြရာဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားပြီး မြိုတိုင်းရင်းသားများအတွက် တည်ဆောက် ထားသောအိမ်ရာအဆောက်အဦများကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
(၅-၄-၂၀၁၈)ရက်နေ့တွင် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီတွဲဖက်အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် နိုင်ငံတောာ် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကျော်တင်တို့သည် ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးဗိုလ်မှူးကြီးဖုန်းတင့်နှင့် တာဝန်ရှိသူများလိုက်ပါလျက် (၅-၄-၂၀၁၈)ရက်နေ့နေ့လည်ပိုင်းတွင် ကျောက်တော်မြို့နယ် နိဒင်ကျေးရွာ IDP စခန်းသို့ ရောက်ရှိပြီးစခန်းစီမံခန့်ခွဲမှုကော်မတီဝင်များ၊ နိဒင်ကျေးရွာတာဝန်ခံများ၊ စခန်းတွင် နေထိုင်သူများနှင့်တွေ့ဆုံပြီးIDP စခန်းအားဖျက်သိမ်းပြီးကျေးရွာနှင့်တစ်ဆက်စပ်တည်း ပြန်လည်နေရာချထားရေးအစီအစဉ်များ၊အခြေခံပညာကျောင်းများတွင် ဆရာ/ဆရာမများခန့်ထားပေးရေး၊ အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူများအဆင့်မြင့်ပညာများဆက်လက်သင်ကြားနိုင်ရေး၊ ကျောက်တော်မြို့နယ်၊ ခေါင်းတုတ်ရွာတွင် တိုက်နယ်ဆေးရုံတစ်ခုချထားပေးရေး၊ အသက်မွေးဝမ်းကြောင်းသင်တန်းများဖွင့်လှစ်ပေးရေးကိစ္စရပ်များနှင့် NVC လျှောက်ထားကိုင်ဆောင်ရေးကိစ္စရပ်များအားရှင်းလင်းပြောကြားဆွေးနွေးခဲ့ပါသည်။
ကျောက်တော်မြို့နယ်၊ နိဒင်ကျေးရွာ IDP စခန်းတွင် အိမ်ထောင်စု(၈၅)စု၊ လူဦးရေ (၅၈၁)ဦးရှိကြောင်းသိရှိရပါသည်။