
မြန်မာနိုင်ငံ၏ရာသီဥတုအရ ဧပြီလနှင့်မေလ သည် မိုးတိမ်တောင်များဖြစ်ထွန်းပြီး မိုးသက်လေပြင်းကျရောက်ခြင်းနှင့် မိုးသီး ကြွေခြင်းတို့ ဖြစ်ပွားလေ့ရှိပါသည်။ ၂၀၁၇ခုနှစ်အတွင်း လေပြင်းဘေးကြောင့် မြန်မာနိုင်ငံအဝန်းမှ လူနေအိမ်ပေါင်း(၁၆၉၄၀)လုံး ထိခိုက်ပျက်စီးမှုရှိခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနသည် ဝန်ကြီးဌာန၏မူဝါဒ၊ ဦးစီးဌာန၏ရည်ရွယ်ချက်များနှင့်အညီ လျင်မြန်ထိရောက်သော ထောက်ပံ့ကူညီရေး လုပ်ငန်းများဖြစ်စေရေးအတွက် ပေါင်းစပ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ယခုနှစ်တွင်လည်း မတ်လမှ စတင်၍ လေပြင်းတိုက်ခတ်မှုများစတင်ဖြစ်ပေါ်လျက်ရှိရာ (၃-၄-၂၀၁၈)နေ့တွင် တိုက်ခတ်ခဲ့သော လေပြင်းဘေးကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ်နှင့် ဘုတလင် မြို့နယ်တို့မှ လူနေအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ပါသည်။
အဆိုပါ လေပြင်းဘေးကျရောက်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ကနီမြို့နယ် အတွင်းရှိ နတ်လာပို့တောင်ကျေးရွာ အုပ်စုမှ လေဘေးသင့် အမိုးလန်နေအိမ်(၁၁၆)လုံး၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျောက်မှော်ကျေးရွာ အုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာ အုပ်စု၊ စုန်းချောင်းကျေးရွာ အုပ်စု၊ တောင်ပုကျေးရွာအုပ်စု၊ ညရိပ်ကျေးရွာအုပ်စု၊ ပြန်လှည့်ကျေးရွာအုပ်စုနှင့် မြို့ကြီးကျေးရွာအုပ်စု တို့မှ လေဘေးသင့် အမိုးလန်နေအိမ် စုစုပေါင်း(၆၀၈)လုံးနှင့် ပြိုကျပျက်စီးနေအိမ် စုစုပေါင်း(၃၇)လုံးတို့အတွက် ထောက်ပံ့ငွေ ကျပ်(၁၃,၅၅၀,၀၀၀)၊ လေဘေးကြောင့် ဒဏ်ရာရသူ(၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၅၀,၀၀၀)နှင့် အိမ်ထောင်စုအလိုက် အသုံး အဆောင်ပစ္စည်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် တာဝန်ရှိသူများက (၅-၄-၂၀၁၈)နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ ပါသည်။ (၆-၄-၂၀၁၈)နေ့တွင်လည်း ဘုတလင်မြို့နယ်အတွင်း လေဘေးသင့် အမိုးလန် နေအိမ်(၉၈)လုံးအတွက် ထောက်ပံ့ငွေကျပ် (၃၀၂၀၀၀၀ိ/-)နှင့် အိမ်ထောင်စုအလိုက် လူသုံးကုန်ပစ္စည်းများအား ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။