
မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်၊ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပြုလုပ်သည့် အာဆီယံဘေးအန္တရာယ်တုံ့ပြန်ရေးနှင့်ဆန်းစစ်လေ့လာရေးအဖွဲ့၏ လုပ်ငန်းဝင်သင်တန်းကို နေပြည်တော်တွင်(၂၆-၃-၂၀၁၈)ရက်နေ့မှ (၁-၄-၂၀၁၈)ရက်နေ့အထိ(၇)ရက်ကြာကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းအတွက် စာသင်ခန်းတွင်း သင်ကြားလေ့ကျင့်ဆွေးနွေးမှုများကို နေပြည်တော်၊ Aureum Place Hotel တွင် လည်းကောင်း၊ သင်တန်း၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် အာဆီယံအဆင့်အရေးပေါ်တုံ့ပြန်မှုများလက်တွေ့နိုင်ရန် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုကို ငလိုက်ကန်သာအပန်းဖြေစခန်းတွင် လည်းကောင်းကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်း(၇)ရက်ပြည့်မြောက်သည့် (၁-၄-၂၀၁၈)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် အဆိုပါ လုပ်ငန်းဝင်သင်တန်းဆင်းပွဲ အခမ်းအနားကို ငလိုက်ကန်သာအပန်းဖြေစခန်းတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တက်ရောက်အမှာ စကားပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ဤသင်တန်းသည် အာဆီယံနိုင်ငံအသီးသီးမှ သင်တန်းသားများအတွက် အသိပညာ၊ ဗဟုသုတနယ်ပယ်များကို ပိုမိုကျယ်ပြန့်လာစေရုံမျှမ က အာဆီယံနိုင်ငံအချင်းချင်း ရင်းနှီးချစ်ကြည်မှုကိုပါ တည်ဆောက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့်ကြုံကြိုက်ချိန်များတွင် လူပုဂ္ဂိုလ်တစ်ဦး(သို့မဟုတ်)အဖွဲ့အစည်းတစ်ခုတည်းဖြင့် လုပ်ငန်းများဆောင်ရွက်၍ မရနိုင်သည့်အတွက် ညှိနှိုင်းပေါင်းစပ်မှုများကို လုပ်ဆောင်ရပါကြောင်း၊ အသင်း အဖွဲ့ဖြင့်လုပ်ဆောင်တတ်ခြင်းသည် များစွာအရေးကြီးပြီး ဤသင်တန်း၏ အဓိကအနှစ်သာရမှာလည်း လူမျိုး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာမတူညီကြသူများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်တတ်စေရန် သင်ကြားလေ့ကျင့်ပေးခြင်းပင်ဖြစ်ပါကြောင်း၊ သင်တန်းကာလတစ်လျောက်တွင်လည်း ပေးအပ်သည့်လုပ်ငန်းတာဝန်များကို အဖွဲ့လိုက်လုပ်ဆောင်ကြပြီး အောင်မြင်မှု ရရှိစေရန်အတွက် ညှိနှိုင်းပေါင်းစပ်မှု များစွာလုပ်ဆောင်ကြရပါကြောင်း၊ ဘေးအန္တရာယ်များကို အာဆီယံအဆင့် တုံ့ပြန်ဆောင်ရွက်ကြရာတွင် မည်သည့်နိုင်ငံသား၊ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဖြစ်ခြင်းထက် “အာဆီယံ”ဟူသည့် တစ်ခုတည်းသော အမည်သင်္ကေတအောက်တွင် အားလုံးအတူတကွ လက်တွဲဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် မြန်မာ့မြေပေါ်မှ ASEAN ERAT သင်တန်းသား စုစုပေါင်း(၃၀)ဦးကို မွေးထုတ်ပေးနိုင်ခဲ့သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ သင်တန်းသားအားလုံး၏ အပြန်ခရီးတွင်လည်း အောင်မြင်မှုနှင့် ကျေနပ်ဝမ်းမြောက်မှုတို့ကို ကျောပိုးအိတ်နှင့်တစ်လုံး အပြည့်ယူဆောင်သွားနိုင် မည်ဟု မျှော်လင့်ပါကြောင်း၊ သင်တန်းကာလတစ်လျောက်တွင်လည်း စိတ်ရှည်စွာ၊ ဇွဲရှိစွာ၊ စိတ်အားထက်သန်စွာ သင်ယူလေ့လာခဲ့ကြသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ အနာဂတ်ကာလတွင် လည်း အာဆီယံဒေသအတွက် အဖိုးတန်သည့် လူသားရင်းမြစ်များဖြစ်ပေါ်လာ မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ ယခုကဲ့သို့ကြိုးပမ်းအားထုတ်မှုများကိုလည်း ရှေ့ဆက် တိုးမြှင့်လုပ်ဆောင်သွားစေလိုပါကြောင်း၊ “တစ်ခုတည်းသောအာဆီယံ၊ တစ်ခုတည်းသောတုံ့ပြန်မှု”မျှော်မှန်းချက်များနှင့် ကတိကဝတ်များကို ပြည့်မီစေရေးအတွက် တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်များမှာ အရေးကြီးသကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုနှင့် ပေါင်းစည်းညီညွတ်မှုတို့သည်လည်း အဓိကအသက်သွေးကြောဖြစ်ပါကြောင်း၊သင်တန်းတက်ရောက်အောင်မြင်သူများအားလုံးကို ချီးကျူးဂုဏ်ပြုပါကြောင်းစသည်ဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် AHA Centre မှ အမှုဆောင်အရာ ရှိဖြစ်သူ၊ Ms. Adelina Kamal မှ အမှာစကားပြောကြားရာတွင် အာဆီယံအဆင့်လုပ်ငန်းဝင်သင်တန်းကို မြန်မာနိုင်ငံတွင် ကျင်းပခွင့်ပြုသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ အရေးပေါ်အခြေအနေများတွင် အာဆီယံ(၁၀)နိုင်ငံသည် မိသားစုတစ်ခုအဖြစ် စည်းစည်းလုံးလုံး တုံ့ပြန်မှုများဆောင်ရွက် သွားရန်ဖြစ်ပါကြောင်း၊ ဘေးသင့်ဒေသတစ်ခုသို့ ERAT အဖွဲ့စေလွှတ်ခြင်းသည် အဆိုပါဒေသ၌ အာဆီယံရုံးသွားရောက်ဖွင့်လှစ်ခြင်းပင်ဖြစ်ပြီး (၁၀)နိုင်ငံ၏ စည်းလုံးမှုကို ပြသခြင်း ပင်ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက် မှုများကို ရှေ့ဆက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊
(၁-၄-၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် သင်တန်းဆင်းပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်နှင့် AHA Centre ၏ အမှုဆောင်ညွှန်ကြားရေးမှူး၊ Ms. Adelina Kamal တို့မှ သင်တန်းဆင်းလက်မှတ်များနှင့် ASEAN ERAT Team ဝတ်စုံများကို သင်တန်းသားများအား အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး အဆိုပါ သင်တန်းဆင်းပွဲသို့ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ AHA Centre ကိုယ်စားလှယ်များနှင့် အာဆီယံနိုင်ငံများမှ သင်တန်းသားများအပါအဝင် စုစုပေါင်း ကိုယ်စားလှယ်(၅၀)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
*Unicode Version*