
၃၁-၃-၂၀၁၈
နိုင်ငံတော်အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံဖြိုး တိုးတက်ရေးကို ပြည်သူများအတွက် ပထမဦးစားပေး အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍသည် အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ဘဝတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းက ထိရောက်မှုအရှိဆုံးဖြစ်သဖြင့် ရှေးဦး အရွယ်ကလေးသူငယ်များကို စနစ်တကျ ပြုစုပျိုးထောင်ပေးရန် မူလတန်းကြိုကျောင်းများစွာ လိုအပ်ပါသည်။ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းရန် ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်(၉း၃၅)နာရီတွင် လှိုင်သာယာမြို့နယ်ရှိ မူလတန်းကြို ကျောင်း(၁)နှင့်(၂)သို့ သွားရောက်ကြည့်ရှုခဲ့ရာ လှိုင်သာယာမြို့နယ်တွင် လူဦးရေ(၈)သိန်း ဝန်းကျင်ခန့်ရှိပြီး အြခေခံလူတန်းစားနှင့် ရွှေ့ပြောင်း လုပ်သားများပြားကာ လူဦးရေထူထပ်သည့် မြို့နယ်ဖြစ်ပါသည်။ အသက်(၃)နှစ်မှ (၅)နှစ်အောက် ကလေးဦးရေမှာ (၆)သောင်းဝန်းကျင်ခန့်ရှိပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ မူလတန်းကြိုကျောင်း(၂)ကျောင်း၊ ဝန်ကြီး ဌာနက ထောက်ပံ့ထားသည့် လူမှုဝန်ထမ်းအသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုးမူလတန်း ကြိုကျောင်း(၅)ကျောင်း၊ ပုဂ္ဂလိက မူလတန်း ကြိုကျောင်း (၂၆)ကျောင်းဖွင့်လှစ်ထားကြောင်း၊ လှိုင်သာယာမြို့နယ်ရှိ ဌာနပိုင်ကျောင်း (၂)ကျောင်းမှာ ကလေး(၁၀၀)ဆံ့ကျောင်း ဖြစ်သော်လည်း ကလေးအင်အားနှင့် ကျောင်းအနေအထား မှာ မလုံလောက်ပါသဖြင့် ကျောင်းဆောင်သစ်များ ထပ်မံဆောက်လုပ်ရန် လိုအပ်ခြင်း၊ မြေနေရာ အနေအထားအရ နှစ်စဉ် ရေနစ်မြုပ်ခြင်းများ ရှိသဖြင့် သက်ဆိုင်ရာနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်လျှက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အတွင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးးနှင့်အဖွဲ့သည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွှဲမှုဦးစီးဌာန ဗဟိုသိုလှောင်ရုံ(ရန်ကုန်)သို့ ရောက်ရှိပြီး လာမည့် မုတ်သုန်ရာသီတွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ကယ်ဆယ်ရေးပစ္စည်းများ ဖြည့်ဆည်း၊ အသင့်ပြင်ဆင်ထားရှိမှုများအား စစ်ဆေးကြည့်ရှုခဲ့ပါသည်။ ဗဟိုသိုလှောင်ရုံ (ရန်ကုန်)မှ တိုင်းဒေသကြီး၊ ပြည်နယ်များ ရှိဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သိုလှောင်ရုံများသို့ ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ခွဲထားရှိမှုနှင့် ဘေးအန္တရာယ်ဖြစ်ပွား ပြီးနောက် တိုင်းဒေသကြီး၊ ပြည်နယ်သိုလှောင်ရုံများသို့ အမြန်ဖြည့်တင်း ပို့ဆောင်နိုင်ရေး စီစဉ်ထားရှိမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ထားရှိစဉ် ပျက်စီး ခြင်းနှင့် လေလွှင့်မှု မရှိရေး၊ လျော့နည်း ပျောက်ဆုံးမရှိရေး သိုလှောင်ရုံ ဝန်ထမ်းများမှ အထူးဂရုပြု ဆောင်ရွက်သွားရေးမှာကြား ခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြုဗဟိုဌာနသို့ရောက်ရှိပြီး ရှေးဦး အရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးဆိုင်ရာအခြေခံသဘောတရားများကို ပြည်သူများသိရှိပြီး စနစ်တကျဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မူကြိုကျောင်းများတွင် မိဘများအား (၄)လလျှင် (၁)ကြိမ် အသိ ပညာပေးဆွေးနွေးလျက်ရှိရာ မိဘများပိုမိုသိရှိရန် လိုအပ်ပါသဖြင့် (၂)လလျှင် (၁)ကြိမ်ဆွေးနွေးပွဲများ ဆောင်ရွက်ပေးစေချင်ပါ ကြောင်း၊ (၃)နှစ်အောက်ကလေးများ ပြုစုပျိုးထောင်သည့်ကျောင်းများတွင် (၁)လလျှင်(၁)ကြိမ် ခေါ်ယူဆွေးနွေးပေးပါရန် လိုအပ်ပါ ကြောင်း၊ မူကြိုပညာရေးနှင့်ပတ်သက်၍ အခြေခံသင်တန်းများမှကျွမ်းကျင်မှု စံသတ်မှတ်နိုင်မည့် ပြဌာန်းချက်များနှင့်အညီ စွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်းများပို့ချနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။