လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) နှင့် အမေရိကန်အထက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီမှတာဝန်ရှိသူတို့မှ လာရောက်တွေ့ဆုံမှုသတင်း

31_Pic_04
၃၀.၃.၂၀၁၈၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) နှင့် အမေရိကန်အထက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီ၊ အကြီးတန်းတာဝန်ခံ Ms. Charlotte Oldham-Moore ဦးဆောင်သောအဖွဲ့တို့က အဆိုပါဝန်ကြီးရုံး၌ သီးခြားစီလာရောက် တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် Red Cross Movement အနေဖြင့် ၂၀၁၇ခုနှစ်၊ စက်တင်ဘာလမှစတင်၍ ရခိုင်ပြည်နယ်အတွင်း နေရပ် စွန့်ခွာရွှေ့ပြောင်းသူများအား လူသားချင်းစာနာကူညီမှု လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့မှုများ၊ စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း Red Cross Movement အနေဖြင့် ကူညီထောက်ပံ့မှုအခြေအနေအစီရင်ခံစာပါအချက်အလက်များ၊ ရခိုင်ပြည်နယ်ရှိ လူအဖွဲ့အစည်း အားလုံးကို လိုအပ်သည်များထောက်ပံ့ကူညီနိုင်ရေးကိစ္စရပ်များ၊ ကူညီထောက်ပံ့ရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများ ပူးပေါင်း ပါဝင်နိုင်ရေး၊ မိုးရာသီကာလအတွက် ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ ထိခိုက်မှုလျော့ချနိုင်ရေးနှင့် တုံ့ပြန်နိုင်ရေး ဆောင်ရွက်နေမှုများ၊ ဒေသခံပြည်သူများ စိုက်ပျိုးရေး လုပ်ငန်းများလုပ်ကိုင်နိုင်ရန် Red Cross Movement အနေဖြင့် ကူညီဆောင်ရွက်မည့်ကိစ္စများ၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရွှေ့ပြောင်းဆေးပေးခန်းများအား မောင်တောမြို့နယ်တွင် အဆင်သင့်ထားရှိမှုများ၊ အခြေခံအဆောက်အဦများ တည်ဆောက်ပေးနိုင် ရေး၊ နိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လိုသူများ အတွက် Red Cross Movement အနေဖြင့် လိုအပ်သည့်အကူအညီများပေးနိုင်ရေး၊ ပြန်လည်လက်ခံရေးနှင့် လူသားချင်းစာနာမှုအကူအညီပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် လူအဖွဲ့အစည်းအတွင်း သဟဇာတဖြစ်ရေးစသည့် ရည်ရွယ်ချက်များ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရေး၊ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုသာမက ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင်ပါ Red Cross Movement မှ ဆက်လက်ပူးပေါင်းပါဝင်ရေးနှင့် Red Cross Movement အနေဖြင့် UEHRD နှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ အမေရိကန်အထက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီ၊ အကြီးတန်းတာဝန်ခံ Ms. Charlotte Oldham-Moore ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံရာတွင် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက်များအား အကောင် အထည်ဖေါ်ဆောင်ရေးကော်မတီမှတဆင့် ဦးစားပေးအကြံပြုချက်များသတ်မှတ်၍ အကောင်အထည် ဖေါ်ဆောင်ရွက်နေမှုများ၊ UEHRD ဖွဲ့စည်းတည်ထောင်ပြီး လုပ်ငန်းအဖွဲ့(၁၀)ဖွဲ့ဖြင့် ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ် အေးချမ်း ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား မိတ်ဆွေအဖွဲ့အစည်းများ၊ မိတ်ဆွေနိုင်ငံများ၏ အကူအညီဖြင့် ဆောင်ရွက်နေမှုများ၊ နိုင်ငံအတွင်းပြန်လည်ဝင်ရောက် လိုသူများအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများ၊ တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာလှုပ်ရှား သွားလာခွင့်နှင့် နိုင်ငံသားဖြစ်မှုစိစစ်ရေး လုပ်ငန်းများအား အရှိန်မြှင့်တင်နိုင်ရန် သက်ဆိုင်ရာ ဌာနများနှင့်ညှိနှိုင်းဆောင်ရွက်နေမှုများ၊ ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့သော ယာယီခိုလှုံရေးစခန်းများ ပိတ်သိမ်းနေမှုများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

Sign Up

Upcoming Events