ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အပြည်ပြည်ဆိုင်ရာသဘာ၀ဘေးလျော့ပါးရေးနေ့အခမ်းအနားနှင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်မှုသတင်း

20151013-4-1 index1 index2

 

 

 

နေပြည်တော် အောက်တိုဘာ ၁၃

အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနားနှင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးဆိုင်ရာနှီးနှောဖလှယ်ပွဲကို အောက်တိုဘာလ (၁၃) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC -2) ၌ ကျင်းပရာ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်သည်။

အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ JICA၊ သဘာဝဘေး လျော့ပါးရေးအဖွဲ့ DDR၊ ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂအဖွဲ့အစည်းများ၊ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတက အမှာစကားပြောကြားရာ၌ လွန်ခဲ့သော ဇူလိုင်၊ ဩဂုတ်လကတည်းက ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် ပျက်စီးဆုံးရှုံးမှုဒဏ်ကို ခံခဲ့ရသော မြန်မာနိုင်ငံ အနှံ့အပြားရှိ ရေဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေး အရေးပေါ်ထောက်ပံ့ရေးလုပ်ငန်းများကို နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် လူသားချင်း စာနာပံ့ပိုးသည့် အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းလူငယ်များက သက်စွန့်ဆံဖျားကြိုးပမ်းဆောင်ရွက်ခဲ့ကြပါကြောင်း။

ယခုလို ပရဟိတစိတ်ဓာတ် အပြည့်အဝနှင့် အနစ်နာခံကြိုးပမ်းခဲ့သူများနှင့် ရေဘေးသင့်ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် အသက်ဆုံးရှုံးမှုများကို နည်းနိုင်သမျှ နည်းစေရန် ကာကွယ်ပေးနိုင်ခဲ့ပြီး စီးပွားရေးထိခိုက်မှု အကျိုးဆက်များကိုလည်း နည်းပါးအောင် ကြိုတင်ပြင်ဆင်ပေးနိုင်ခြင်းဖြင့် ကနဦး စိန်ခေါ်မှုများကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ ရပ်ရွာအများစုတွင် ကိုယ်ထူကိုယ်ထ စွမ်းဆောင်နိုင်မှုများကို ကြည့်ခြင်းအားဖြင့် ”ဘေးအန္တရာယ်အသိကြွယ်၊ ဘဝများစွာ ကာကွယ်မယ်” ဟူသည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်လျှော့ချရေးနေ့ ဆောင်ပုဒ်အတိုင်း မိရိုးဖလာ တိုင်းရင်းသား ဓလေ့ထုံးတမ်းများ၊ ဒေသန္တရအသိအမြင်များဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကို အထောက်အကူပြုနိုင်ခဲ့သည်ဟု ဆိုနိုင်ပါကြောင်း၊ တစ်ဆက်တည်း ကျင်းပမည့် ”ပြန်လည်ထူထောင်ရေး နှီးနှောဖလှယ်ပွဲ” တွင် မြန်မာနိုင်ငံအတွက် လက်တွေ့ကျသော၊ ထိရောက်မှုရှိသော၊ အားလုံးပါဝင်သော၊ ရေရှည် တည်တံ့သော အနာဂတ်ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံတုံ့ပြန်နိုင်စွမ်းရှိသော ပြန်လည်ထူထောင်ရေး မူဘောင်တစ်ရပ်ဖော်ထုတ်ရန် ဖြစ်ပါကြောင်း။

အဆိုပါမူဘောင်အတွက် အခြေခံဖြစ်သည့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးနှင့် ရေဘေးသင့်ပြည်သူများ၏ လိုအပ်ချက်များကို သိရှိနိုင်ရန် ”ရေဘေးနှင့် မြေပြိုဘေးကာလလွန် လိုအပ်ချက်များ လေ့လာဆန်းစစ်ခြင်း” လုပ်ငန်းစဉ်ကို ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂ၊ JICA နှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။

ရေဘေးနှင့် မြေပြိုဘေးကာလလွန်လိုအပ်ချက်များ လေ့လာဆန်းစစ်ခြင်း နောက်ဆုံးတွေ့ရှိချက်အရ မကြာသေးခင်က ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုနှင့် မြေပြိုမှုကြောင့် ဆုံးရှုံးမှုသည် ကနဦး သုံးသပ်တွက်ချက်မှုများထက် ပိုမိုများပြားခဲ့သည်ဟု သိရှိရပါကြောင်း၊ လုပ်ငန်းစဉ်အစမှာကတည်းက မြန်မာအစိုးရအနေဖြင့် ဘေးအန္တရာယ်၏ အကျိုးဆက် ပမာဏကြီးမားမှုနှင့် ပြည်သူလူထု၏ အရေးပေါ်လိုအပ်ချက်များကို အသိအမှတ်ပြုပြီး ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ချင့်ချိန်ဆုံးဖြတ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါကြောင်း။

မိမိတို့ အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် ”မည်သူမျှမကျန်ခဲ့စေရ” နှင့် ”မူလအခြေအနေထက် သာလွန်ကောင်းမွန်အောင် ပြန်လည်ထူထောင်ပေးရမည်” ဟူသည့် မူများကို ကတိကဝတ်ပြုခဲ့ပါကြောင်း၊ အကြံပေးအဖွဲ့၊ ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးဆိုင်ရာ လိုအပ်ချက်များ ဆန်းစစ်ရေးအဖွဲ့၊ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့များ၏ ဦးဆောင်မှုနှင့်ပြည်သူလူထု၏ အားတက်သရော ပူးပေါင်းပါဝင်မှုတို့ဖြင့် ဤကတိကဝတ်များကို ဖြည့်ဆည်းပေးနိုင်မည်ဟု အခိုင်အမာ ယုံကြည်ပါကြောင်း။

ပြန်လည်ထူထောင်ရေးစီမံကိန်းအတွက် အရေးကြီးသည့် အချက် (၃) ချက်ကို ပြောလိုပါကြောင်း၊ ပထမအချက်မှာ မူဝါဒပိုင်းဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးစီမံကိန်းသည် သမ္မတကြီးဦးသိန်းစိန်အစိုးရမှ အစပြုခဲ့သော အကောင်အထည်ဖော်ဆဲပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို အားဖြည့်ပေးရမည့်အပြင် ရေရှည်တည်တံ့ပြီး သဘာဝဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိသော စီးပွားရေးတိုးတက်မှုအခြေခံများကို ချမှတ်ပေးမည့် ပြန်လည် ထူထောင်ရေးစီမံကိန်းမျိုးဖြစ်သင့်ပါကြောင်း၊ သမ္မတကြီးဦးသိန်းစိန် မကြာခင်ကပြောကြားခဲ့သည့် မိန့်ခွန်းတွင် ရေဘေးသင့်ပြည်သူများကို ငွေကြေးနှင့် လူမှုကာကွယ်မှုအထောက်အပံ့များပေးခြင်းသည် အရေးကြီးသည့် ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ဖြစ်သကဲ့သို့ ကျေးလက်အိမ်ထောင်စုများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆိုးရွားပြင်းထန်သော ရာသီဥတုအခြေအနေအမျိုးမျိုးတွင် ရပ်တည်ရှင်သန် တိုးတက်နိုင်မည့် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း မဟာဗျူဟာ များကို ပြန်လည်ထူထောင်ရေးစီမံကိန်းတွင် ထည့်သွင်းချမှတ်သွားရန် လမ်းညွှန်ခဲ့ပါကြောင်း၊ ထို့ကြောင့် ဤစီမံကိန်းသည် လက်ရှိလုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများဖြစ်သည့် မြေအသုံးပြုမှုစီမံကိန်း၊ အမျိုးသားပို့ကုန်မဟာဗျူဟာများ၊ သီးနှံအမယ်မျိုးစုံ၊ မျိုးကွဲစိုက်ပျိုးရေး၊ တန်ဖိုးကွင်းဆက်များတိုးတက်မှု၊ ပုဂ္ဂလိကကဏ္ဍ တိုးတက်မှုတို့နှင့် တစ်ဆက်တစ်စပ်တည်းဖြစ်ရန် လိုပါကြောင်း။

ဒုတိယအချက်မှာ ဖွဲ့စည်းမှုအပိုင်းဖြစ်ပါကြောင်း၊ ယခုပြန်လည်ထူထောင်ရေးစီမံကိန်းသည် အရေးပေါ် လုပ်ငန်းများ လုပ်ဆောင်ရေးသာမက ရေရှည်မျှော်မှန်းချက်များကိုပါ ဦးတည်သည့် ဖွဲ့စည်းမှုဆိုင်ရာ မူဘောင်ပေါ်တွင် အလေးထားသင့်ပါကြောင်း၊ ဘေးသင့်ကျရောက်မှုများသည် အစိုးရများ၊ အေဂျင်စီများနှင့် အဖွဲ့အစည်းများ၏ နယ်နိမိတ် ကန့်သတ်မှုများကို ကျော်လွန်ခဲ့ကြောင်း ပြီးခဲ့သည့် ဘေးသင့်ကာလ အတွေ့အကြုံများက သက်သေပြခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ဌာနအချင်းချင်းများကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုဆိုင်ရာ အုပ်ချုပ်ဖွဲ့စည်းမှုပုံစံဖြစ်ရန် လိုပါကြောင်း၊ ပါဝင်သင့်သည့် ဖွဲ့စည်းမှုများမှာ ဌာနပေါင်းစုံမှ ပံ့ပိုးပေးရမည့် ကြိုတင်သတိပေးခြင်းနှင့် သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ်များ၊ စစ်ဘက်နှင့် အရပ်ဘက် ပူးပေါင်းဆောင်ရွက်သည့် အရေးပေါ်လုပ်ငန်းယန္တရားစနစ်များ၊ ကဏ္ဍပေါင်းစုံမှ နည်းဟောင်းနှင့် နည်းသစ်နှစ်ခုစလုံး အသုံးပြုသည့် အရေးပေါ်ထောက်ပံ့ရေးစနစ်များ၊ ပြည်တွင်းနှင့် နိုင်ငံတကာအရင်းအမြစ် များကို စည်းရုံးလုပ်ဆောင်နိုင်သည့် ပြန်လည်ထူထောင်ရေး ပူးပေါင်းညှိနှိုင်းမှုဗျူဟာများနှင့် ဌာနအသီးသီးမှ သီးခြားဆောင်ရွက်နေသည့် လုပ်ငန်းများကို ဗဟိုအစိုးရ၏ ရေ၊ မြေ အရင်းအမြစ်နှင့် အခြေခံအဆောက်အအုံ ဆိုင်ရာမဟာဗျူဟာအဖြစ် ပေါင်းစည်းပေးမည့် စီမံခန့်ခွဲမှု မူဘောင်များ ဖြစ်ပါကြောင်း။

တတိယအချက်မှာ ဘဏ္ဍာရေးပိုင်း ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးစီမံကိန်းအနေဖြင့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ရရှိသည့် ပြန်လည်ထူထောင်ရေးရန်ပုံငွေများကို အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးပြုနိုင်ရေးအတွက် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုရှိသည့် အရင်းအမြစ်များ စည်းရုံးမှု၊ ဦးစားပေး ရွေးချယ်မှုနှင့် စောင့်ကြည့်အကဲဖြတ်မှုများ ပြုလုပ်နိုင်သည့် ဗျူဟာများကို သတ်မှတ်သင့်ပါကြောင်း၊ အဆိုပါမဟာဗျူဟာကို အကောင်အထည်ဖော်ရန်အတွက် အမျိုးသားဘေးအန္တရာယ်ရန်ပုံငွေနှင့် ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီကိုလည်း ဖွဲ့စည်းပြီးဖြစ်ပါကြောင်း။

မကြာခင်ကာလတွင် ရွေးကောက်ပွဲကြီး ကျင်းပတော့မည် ဖြစ်ပါကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကသာ နိုင်ငံနှင့်လူမျိုးအတွက် ငြိမ်းချမ်းခြင်းနှင့် သာယာဝပြောမှုကို ဆောင်ကြဉ်းပေးနိုင်မှာ ဖြစ်ပါကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲသည် စစ်မှန်သည့် ဒီမိုကရေစီ ရှေ့ခရီးအတွက် ခိုင်မာသည့် အာမခံချက်လည်း ဖြစ်ပါကြောင်း ယခုရွေးကောက်ပွဲကြီးသည် နိုင်ငံတော်အတွက် အလွန်အရေးကြီး ပါကြောင်း။

ဤသို့ အရေးကြီးသည့် သမိုင်းတကွေ့ကို ဖြတ်သန်းနေရချိန်တွင် ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးမှုကို ဦးတည်သည့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးဆိုသည့် ကြီးမားလှသော တာဝန်ကိုလည်း မိမိတို့အားလုံး ထမ်းဆောင်နေရခြင်း ဖြစ်ပါကြောင်း၊ များပြားလှသည့် တာဝန်များကြောင့် ကနဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်မှု၊ ရေရှည်ပြန်လည်ထူထောင်ရေး စီမံကိန်းရေးဆွဲမှုများကို အဟန့်အတား မဖြစ်စေရန် အချိန်နှင့်အမျှ ကြိုးပမ်းလျက်ရှိပါကြောင်း၊ သန်းချီသော ပြည်သူလူထုများအတွက် ယင်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ အရင်းအမြစ်နှင့် ရန်ပုံငွေ ကန့်သတ်ချက်များ ရှိနေသော အစိုးရဌာနများအတွက် ဌာနအလိုက် လုပ်ငန်းစဉ် ဦးစားပေးအစီအစဉ်များ ချမှတ်နိုင်ရန်၊ နိုင်ငံတကာ အလှူရှင်များအတွက်လည်း အကူအညီအထောက်အပံ့များ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ပြန်လည်ထူထောင်ရေး မူဘောင်နှင့် စီမံချက် ဆောလျင်စွာ ပေါ်ထွက်လာရေး အားလုံးဝိုင်းဝန်း ကြိုးပမ်းပေးသွားကြရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် UNDP ဌာနေ ကိုယ်စားလှယ် မစ္စတာ တွိုင်လီ ကာဘာနော့ဗ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ သဝဏ်လွှာကို ဖတ်ကြားသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေး အထိမ်းအမှတ် ဗီဒီယို မှတ်တမ်းကို ပြသသည်။ ယခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးလျော့ပါးရေးနေ့ အခမ်းအနား ဆောင်ပုဒ်မှာ ”ဘေးအန္တရာယ် အသိကြွယ်၊ ဘဝများစွာ ကာကွယ်မယ်” ဟူ၍ ဖြစ်သည်။

အခမ်းအနားအပြီးတွင် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များ၊ တက်ရောက်လာကြသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပြခန်းအတွင်းရှိ မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။

ယင်းနောက် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးဖိုရမ်ကို ဆက်လက်ကျင်းပရာ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အဆိုပါဖိုရမ်တွင် ပြန်လည်ထူထောင်ရေးဖိုရမ်၏ ရှေ့အမြင်နှင့် ရည်ရွယ်ချက်အား အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာရင်ရင်နွယ်က လည်းကောင်း၊ ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးဆိုင်ရာ လိုအပ်မှုဆန်းစစ်ချက် အစီရင်ခံ တင်ပြခြင်းအား ကမ္ဘာ့ဘဏ်မှ မစ္စတာဂရေပန်တင်က လည်းကောင်း၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ မူဘောင်မူကြမ်းအား အကြံပေးအဖွဲ့ အတွင်းရေးမှူး Dr. ဇော်ဦးကလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် ပြန်လည်ထူထောင်ရေးဆိုင်ရာ မဟာဗျူဟာအား ကဏ္ဍအလိုက် ဆွေးနွေးခြင်း၊ စုစည်းတင်ပြခြင်းနှင့် ပြန်လည်ထူထောင်ရေးမူဘောင်နှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

Sign Up

Upcoming Events